မန္တလေးမှာ ဆရာတော်တွေဆီက သြဝါဒခံ

  • 6 ဇူလိုင် 2014
mandalay monks
Image caption ဆရာတော်ကြီးများက သြဝါဒပေး

မန္တလေးမှာ ဖြစ်နေတဲ့ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ဖို့ဆိုပြီး ဇူလိုင် ၄ရက်နေ့က ဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံပါတဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီဟာ မန္တလေး လေးပြင်လေးရပ်က ဆရာတော်တွေကို ပင့်ဖိတ်ပြီး ဩဝါဒခံယူခဲ့ပါတယ်။

မေတ္တာတရားရှေ့ထားပြီး အားလုံးစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဆရာတော်ကြီးတွေက ဩဝါဒတွေပေးခဲ့ပါတယ်။

မန္တလေးမှာ ဖြစ်ပြီးသွားခဲ့တဲ့ ပဋိပက္ခတွေမှာ ကိုယ်တိုင်ကွင်းဆင်းဖြေရှင်းပေးခဲ့တဲ့ ဂဠုန်နီဆရာတော် ဦးကာဝိယက ''ဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေရဲ့ တရားခံဟာ၊ ကြိုးဆွဲ ကြိုးကိုင်ဟာ ဘယ်ပုဂ္ဂိုလ်လဲ ဆိုတာ အဖြေမှန် ဖော်ထုတ်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ ဘုန်းကြီးထဲကပဲ ဖြစ်ဖြစ်၊ လူထဲကပဲ ဖြစ်ဖြစ် ၊ အစိုးရထဲကပဲ ဖြစ်ဖြစ် တိုင်းပြည် မငြိမ်မသက်အောင်၊ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးနစ်နာအောင် ဖန်တီးနေတဲ့ တရားခံတွေကို ပြတ်ပြတ်သားသား ရဲရဲတင်းတင်းနဲ့ ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်'' လို့ မိန့်ကြားခဲ့ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ထားတဲ့သူတွေကလည်း လေးလေးနက်နက် ကိုင်တွယ် ဖြေရှင်းဖို့ အရေးကြီးကြောင်းနဲ့ အခင်းဖြစ်အောင် လှုံ့ဆော်သူတွေတွေ့ရင် ဘာသာဝင်တိုင်းက သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး ကာကွယ်ကြဖို့ ဂဠုန်နီဆရာတော်က မိန့်ကြားသွားပါတယ်။

ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ဩဝါဒခံတဲ့ပွဲမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေလည်းတက်ရောက်ကြပါတယ်။

Image caption အခြား ဘာသာရေး ခေါင်းဆောင်များလည်း တက်ရောက်

ခုဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဝင်လည်းဖြစ် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ဒုဥက္ကဌလည်းဖြစ်တဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင်ကတော့ သူတို့အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်ရေးမှာ ဆရာတော်တွေရဲ့ အကူအညီ မဖြစ်မနေ လိုအပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီမှာ ဘာသာပေါင်းစုံကပါသလို နိုင်ငံရေး လူမှုရေးအဖွဲ့တွေက ပုဂိုလ် ၂၃ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မန္တလေးမြို့ရဲ့ အခြေအနေကတော့ နေ့ခင်းပိုင်းမှာ ပုံမှန်သွားလာရောင်းဝယ်နေကြတာကိုတွေ့ရပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြီးနောက်ပိုင်းမှာတော့ ညပိုင်းမှာ ဒီပုဒ်မကို ချိုးဖေါက်လို့ ဖမ်းဆီးထားသူဟာ ၂၀၁ ဦးရှိသွားပြီး ပဋိပက္ခကြောင့်ဖမ်းဆီးထားသူကတော့ ၁၇ ယောက်ရှိသွားပြီလို့ တိုင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။