အွန်လိုင်း သွေးထိုးမှုကို ကိုင်တွယ်သင့်

  • 6 ဇူလိုင် 2014
mandalay_unrest_funeral_
Image caption မန္တလေး ပြဿနာအတွင်း သေဆုံးသူရဲ့ စျာပန

မန္တလေး အကြမ်းဖက်မှု အတွင်း သေဆုံး ခဲ့ရသူတွေ ရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေ၊ ချက်ခြင်းဆိုသလို၊ ဖေ့စ်ဘွတ်ခ် လို၊ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေ ပေါ်၊ ရောက်လာတာဟာ၊ အခြေအနေ ပိုမို ဆိုးရွားလာအောင် မသမာသူတွေ က သွေးထိုး လှုံ့ဆော်လိုတဲ့ ကြံရွယ်ချက်နဲ့ တင်နေကြတာမျိုး လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

အခင်း ဖြစ်ပွားရာ နေရာတွေမှာ သတင်းထောက်တွေတောင် ရှိမနေသေးချိန်၊ ကျင့်ဝတ်နဲ့ မညီတဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေ၊ အင်တာနက်ပေါ် ရောက်နှင့်ပြီး ဖြစ်ခဲ့တဲ့ အပြင်၊ ဓာတ်ပုံရိုက်ကူးဖို့ မလွယ်ကူတဲ့ နေရာမျိုးတွေက ပုံတွေလည်း ပြန့်နှံ့ခဲ့တာဟာ၊ အင်မတန် မေးခွန်းထုတ်ဖွယ် ရာ ဖြစ်နေတယ် ဆိုပြီး၊ မန္တလေး မြို့ခံ သတင်းသမား ကိုစန်းယုကျော် က ပြောပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အပါအဝင် အခြခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုတွေ ဖြစ်ထွန်းနေတဲ့ အချိန်မှာ၊ ဒီလို ပဋိပက္ခ ဖြစ်ပေါ် ကြီးထွားလာအောင် လုပ်ဆောင် နေသူတွေ ရှိနေလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ် စာမျက်နှာမှာ၊ ကိုယ်ရေးကိုယ်တာ အချက်အလက် အမှန် ဓာတ်ပုံအမှန် အသုံးပြုထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင် လို သူမျိုးတွေကအစ၊ သွေးထိုးလှုံ့ဆော်မှု တွေ ပြုလုပ်နေတဲ့ အပေါ်၊ သက်ဆိုင်ရာ အာဏာပိုင်တွေ ဆီ တင်ပြပြီး၊ ဘယ်လို ကိုင်တွယ် မလဲဆိုတာကို မေးမြန်းခဲ့တယ်လို့ ကို စန်းယုကျော်က ပြောပါတယ်။

ဒါပေမယ့်၊ အာဏာပိုင်တွေ ကိုယ်တိုင် အွန်လိုင်း အသုံးပြုမှု နဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ နဲ့ ပတ်သက်တဲ့ အချက်တွေကို၊ ရေရေရာရာ သိရှိ နားလည်ကြပုံ မရှိပဲ၊ ဘာမှ အဖြေ ပြန်မပေးနိုင်ခဲ့ဘူး လို့ ကိုစန်းယုကျော် က မှတ်ချက်ချပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သမျှ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ မှာ၊ သွေးထိုးလှုံ့ဆော်မှု စတင်တာ၊ အခြေအနေ ပိုမို ဆိုးဝါးစေတာတွေရဲ့ လက်သယ်ဖြစ်တဲ့ အွန်လိုင်း တလွဲ အသုံးချခြင်း လုပ်ရပ်တွေ အပေါ်၊ သက်ဆိုင်ရာက၊ သေသေချာချာ ကိုင်တွယ် သင့်တယ်လို့ လည်း ကိုစန်းယုကျော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ