NLD ဗဟို လူငယ်လုပ်ငန်း အဖွဲ့ ဖွဲ့စည်း

  • 6 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption တိုင်းနဲ့ ပြည်နယ်က လူငယ် ကိုယ်စားလှယ် ၁၅ ဦးကို ဗဟို လူငယ် လုပ်ငန်း အဖွဲ့မှာ တာဝန်ပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေ အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖော်ထုတ် လေ့ကျင့် ပေးသွားဖို့ ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ပထမ အကြိမ် နိုင်ငံလုံး ဆိုင်ရာ လူငယ် ညီလာခံ ပြီးဆုံးသွား ပါပြီ။

ရန်ကုန်မြို့မှာ ၂ ရက်ကျင်းပ ခဲ့တဲ့ ဒီညီလာခံ ကနေ တိုင်းနဲ့ ပြည်နယ်က လူငယ် ကိုယ်စားလှယ် ၁၅ ဦး ကို ဗဟို လူငယ် လုပ်ငန်း အဖွဲ့ အဖြစ် ဖွဲ့စည်းပြီး တာဝန် တွေ ခွဲပေးလိုက် ပါပြီ။

လူငယ် အဖွဲ့တွေ အခု ရက်ပိုင်း အဓိကထား လုပ်မှာ ကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို လူငယ် လုပ်ငန်း အဖွဲ့ တွဲဖက် တာဝန်ခံ ဒေါက်တာ ဝေဖြိုးအောင်က ပြောပါတယ်။

NLD အနေနဲ့ အခုလို လူငယ် ညီလာခံ ကျင်းပ နိုင်ခဲ့ တာဟာ နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒီလူငယ် လုပ်ငန်း ဗဟို ဖွဲ့စည်း ဖို့ ကလည်း မနှစ် ကတည်းက စတင် ပြင်ဆင်ပြီး၊ နိုင်ငံ အနှံ့ ညီလာခံတွေ အဆင့်ဆင့် ကျင်းပပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လူငယ်ညီ လာခံ အပြီး မှာတော့ နိုင်ငံ အနှံ့ က လူငယ်တွေ ရင်ဆိုင် နေရတဲ့ အလုပ် လက်မဲ့ ပြဿနာ မူးယစ်ဆေးဝါး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး စတဲ့ လူထု အကျိုးပြု လုပ်ငန်းစဉ်တွေကို ပါတီရဲ့ သက်ဆိုင်ရာ ကော်မတီတွေနဲ့ ညှိနှိုင်းပြီး လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင် ဖို့ ရှိနေပါတယ်။

အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် လူငယ် အဖွဲ့ဝင်တွေ ဟာ နိုင်ငံ အနှံ့ အဖွဲ့ဝင် ပေါင်း တစ်သိန်း ခန့် ရှိနေပြီး၊ လူငယ် လုပ်ငန်း အဖွဲ့တွေကို နိုင်ငံ တဝန်း ဆက်လက် ပြီး အဆင့်ဆင့် ခိုင်မာအောင် ဖွဲ့စည်း သွားဖို့ ရှိတယ် လို့လည်း ဗဟိုလူငယ် လုပ်ငန်း အဖွဲ့က ပြောပါတယ်။

အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် ကတော့ လူငယ်တွေကို နေရာ ပေးဖို့ ထက် တာဝန် ပေးဖို့ပဲ စဉ်းစား တယ်လို့ လူငယ် ညီလာခံ ဖွင့်ပွဲ နေ့မှာ ပြောကြား ခဲ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ