မန္တလေးမြို့ ဆူပူမှု သွေးထိုး လှုံ့ဆော်သူတွေကို ဖေါ်ထုတ်မယ်

  • 7 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အခုအခါ မန္တလေးမှာ လုံခြုံရေး အလုံအလောက် ချထားပြီ လို့ သမ္မတ ဦးသိန်းစိန် ပြော

မန္တလေးက ဆူပူမှု အခင်း ဖြစ်ရပ်တွေကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ သွေးထိုး လှုံ့ဆော်နေကြောင်းနဲ့ အရေးအခင်းမှာ ပါတဲ့သူတွေရော သွေးထိုး လှုံ့ဆော်သူတွေကိုပါ ဖေါ်ထုတ် အရေးယူသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က တနင်္လာနေ့ည ၈ နာရီ သတင်းမှာ ပြည်သူတွေကို မိန့်ခွန်း ပြောသွားပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့် ဆိုပြီး မီဒီယာတွေ အနေနဲ့ တိုင်းပြည် လုံခြုံရေး ထိပါးအောင် လုပ်နေတာကိုလည်း အရေးယူသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က သတိပေး ပြောကြားသွားပါတယ်။

ရည်ရွယ်ချက်ရှိရှိ လုပ်နေသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ သမ္မတက ပြောသွားခြင်း မရှိပါဘူး။

ဒီလို လူတစ်စုရဲ့ သွေးထိုး လှုံ့ဆော်မှုတွေကို မန္တလေးသူ မန္တလေးသားတွေ၊ သံဃာတွေနဲ့ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်တွေ စုပေါင်းပြီး ကာကွယ်နိုင်ခဲ့တာကိုလည်း အတုယူစရာ အဖြစ် သမ္မတ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ ချီးကျူး ပြောဆိုသွားပါတယ်။

အများ ပြည်သူအနေနဲ့ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း လုပ်ဆောင်ကြဖို့ ကိုလည်း သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ် ခဲ့ပါတယ်။

ဆူပူ တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့သူ နှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာ ရခဲ့သူတွေ အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အခုအခါ မန္တလေးမှာ လုံခြုံရေး အလုံအလောက် ချထားပြီ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။