မွန်းတည့်နေ ဂျာနယ် အယ်ဒီတာတွေ ခေါ်ယူစစ်ဆေးခံရ

  • 8 ဇူလိုင် 2014
Image caption မွန်းတည့်နေ ဂျာနယ်ရဲ့ ဖော်ပြပါ သတင်းဟာ အစိုးရကို အကြည်ညို ပျက်စေတယ်လို့ အာဏာပိုင်တွေက ဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရအဖြစ် တင်မြှောက်ကြောင်း (ကုန်စျေးနှုန်း ကျဆင်းရေးနဲ့ ဒီမိုကရေစီရေး အဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့) MDCF ထုတ်ပြန် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာနဲ့ ပတ်သက်လို့ မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ ချုပ်နဲ့ သတင်းသမား ၂ဦးကို အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေပါတယ်။

တနင်္လာနေ့တုန်းက မြို့တော်ခန်းမ အနီးမှာ (ကုန်စျေးနှုန်း ကျဆင်းရေးနဲ့ ဒီမိုကရေစီရေး အဆက်မပြတ် လှုပ်ရှားသူများ အဖွဲ့) MDCFရဲ့ ဆန္ဒ ထုတ်ဖော်ပွဲမှာ အဲဒီစာကို ဖြန့်ဝေခဲ့တာ ဖြစ်ပြီး မွန်းတည့်နေ ဂျာနယ်က စာပါ အချက်တွေကို ကိုးကား ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

အစိုးရဘက်ကတော့ ဒီသတင်းဟာ နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေတယ်။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတယ်။ အများပြည်သူ အကျိုးကို ပျက်စီးစေတယ်လို့ ဆိုပြီး အဲဒီလို ကြားဖြတ် အစိုးရအဖြစ် တင်မြှောက်ခြင်းဟာ အမှန်တကယ် ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်တယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေတဲ့အတွက် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူခံရနိုင်တယ်လို့ ဒီကနေ့ အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာထဲမှာ ဖေါ်ပြထားပါတယ်။

တနင်္လာနေ့ ည ၁၂နာရီလောက်က ဗိုလ်ဆွန်ပက်လမ်းမှာ ရှိတဲ့ မွန်းတည့်နေ ဂျာနယ်တိုက်ကို အထူး သတင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ကွန်ပြူတာတွေ သိမ်းသွားသလို အယ်ဒီတာချုပ် ဦးအောင်သန့်နဲ့ အယ်ဒီတာ အဖွဲ့ဝင် နှစ်ဦးကို မေးမြန်းစရာ ရှိတယ် ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

အဲဒီနေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို အာဏာ လွှဲပေးဖို့ ဆန္ဒပြခဲ့တဲ့ ကိုနောင်နောင်ကိုလည်း ရဲက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။