Facebook မှာ အမုန်းတရား ဖြန့်ချိနေမှုတွေကို စိစစ်မယ်

Image caption လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုတွေ မြန်မာ facebook စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့

မြန်မာနိုင်ငံမှာ Facebook အင်တာနက် စာမျက်နှာပေါ်ကနေ လူမျိုးရေး ဘာသာရေး အမုန်းတရား ဖြန့်ချိနေမှုတွေကို တားဆီးဖို့ အတွက် Facebook တာဝန်ရှိသူတွေက မြန်မာ Facebook စာမျက်နှာတွေကို စိစစ် စောင့်ကြည့်သွားမယ်လို့ နိုင်ငံတော် သမ္မတ ရုံးက အတည်ပြု ပြောပါတယ်။

မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပြီး ပုဒ်မ ၁၄၄ ထုတ်ရတဲ့ အချိန်မှာ မြန်မာနိုင်ငံ သမ္မတရုံး တာဝန်ရှိသူတွေက Facebook တာဝန်ခံတွေကို အကူအညီ တောင်းခံခဲ့တာ ဖြစ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

အင်တာနက်မှာ လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုတွေ ပျံ့နှံ့နေတာကို တာဝန်ယူ ဖြေရှင်းပေးရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေက ဝါရှင်တန် ဒီစီ Facebook ရုံးချုပ်က တဦး၊ အိုင်ယာလန်က Facebook လုံခြုံရေး တာဝန်ခံတဦး၊ စင်္ကာပူမှာ ရှိတဲ့ အာရှ ပစိဖိတ် Facebook တာဝန်ခံ တဦး နဲ့အတူ Silicon Valley နည်းပညာ ကုမ္ပဏီတခုက ဒုတိယ ဥက္ကဋ္ဌနဲ့ Silicon Valley အာရှ ပစိဖိတ် တာဝန်ခံ တဦးတို့ကို တချိန်တည်း ဖုန်းနဲ့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော အနေနဲ့ Facebook စာမျက်နှာတွေကို စည်းကမ်း မူဘောင်တွေနဲ့ အညီ စိစစ်သွားမှာ ဖြစ်ပြီး တချိန်ထဲမှာ Facebook အသုံးပြုသူတွေကို တာဝန်သိ Facebook အသုံးပြုသူတွေ ဖြစ်လာအောင် အသိပညာ ပေးတာမျိုးတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

ရေရှည် အစီအစဉ် အနေနဲ့ ဆိုရင်တော့ Cyber Law တွေ ချမှတ်နိုင်အောင် ကြိုးပမ်းသွားဖို့ စီစဉ်ထားတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခုလို Facebook စာမျက်နှာတွေမှာ စိစစ် ကန့်သတ်မှုတွေ လုပ်တာဟာ လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို ထိခိုက်မှာ မဟုတ်ကြောင်းနဲ့ Facebook က ချမှတ်ထားတဲ့ ပေါ်လစီ၊ စည်းမျဉ်း ကန့်သတ်ချက်တွေ အတိုင်း လိုက်နာ သွားဖို့ လိုကြောင်း သူက ပြောပါတယ်။