ကချင်မှာကျောက်စိမ်းပြန်တူးတော့မည်

  • 9 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် BBC World Service

ကချင်ပြည်နယ်အတွင်း နှစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့တဲ့ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းတွေကို စက်တင်ဘာ ၁ ရက်က စပြီး ပြန်လည်တူးဖော်ခွင့် ပြုသွားမယ်လို့ သတ္ထုတွင်း ဝန်ကြီးဋ္ဌာနက ပြောလိုက်ပါတယ်။

ဒီလို လုပ်ကိုင်ခွင့်ပြုတဲ့ နေရာမှာ လုပ်ကွက်အသစ်တွေ တိုးချပေးမှာ မဟုတ်ဘဲ အရင် ရပ်နားထားတဲ့ လုပ်ကွက်တွေကို ပြန်ပြီး လုပ်ကိုင်ခွင့်ပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

လာမဲ့ စက် တင်ဘာလ တစ်ရက်နေ့က စပြီး ကချင် ပြည်နယ် အတွင်း ကျောက်စိမ်းတူး လုပ်ငန်းတွေ ကို ပြန်လည် လုပ်ကိုင်ခွင့် ပြုလိုက်တဲ့ အထဲမှာ လွန်ခဲ့တဲ့ ၂ နှစ် လောက်က ရပ်နားထားရတဲ့ လုံခင်း ဖားကန့် မော်လူး မော်ဟန် နဲ ခန္တီး ရတနာမြေတို့ ပါတယ်လို့ သတ္ထုတွင်းဝန် ကြီး ဋ္ဌာန က ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသွားတာ ဖြစ်ပါတယ်။

အဲဒီ လုပ်ကွက် ဒေသတွေမှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တူးဖော်ခွင့်တွေကို ရပ်နားထားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှင့် ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်မှုကြောင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ပဋိပက္ခများ ဖြေရှင်းနိုင်ခဲ့လို့ အခုလို ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများကို ခွင့် ပြုပေးတာ ဖြစ်တယ် လို့ အစိုးရ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးလုပ်ငန်း ကော်မတီ ရဲ့ ထုတ် ပြန်ချက် မှာ ဖော်ပြထားပါတယ်။

အစိုးရ ဘက်ကတော့ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတတွေကို တူးဖော်တဲ့ နေရာမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို အရင်ကထက် ဂရုစိုက်ပြီး လုပ်နေတယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာ ရေကြီးတာက ဥရုချောင်း ကောလာတဲ့အထိ ထိခိုက်မှုတွေ ရှိနေပါတယ်။ ဒီလုပ်ငန်းတွေ ပြန်စရင် ဖားကန့် အနီးတဝိုက်ဟာ အရောင်းအဝယ်တွေ ပြန်လည် စည်ကားလာပေမဲ့ အခု ကုမ္မဏီ လုပ်ကွက်တွေမှာ ဝင်တူးနေကြတဲ့ ဒေသခံတွေကတော့ အခက်တွေ့ဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ