လှိုင်သာယာမှာ ဓါတ်ကြိုးပြတ် ဓါတ်လိုက်ပြီး ၃ဦးသေ

  • 11 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ လျှပ်စစ်ဓါတ်အား လိုင်းကြိုးတွေ မကြာခဏ ပြတ်ကျ

လှိုင်သာယာမြို့ အမှတ် ၁၅ ရပ်ကွက်စျေးမှာ သောကြာနေ့ မနက်က ဓါတ်ကြိုး ပြတ်ကျပြီး စျေးဝယ်သူ အမျိုးသမီး ၃ဦး ဓါတ်လိုက် သေဆုံးသွားပါတယ်။

ကလေးငယ် တဉီးကိုလည်း ဆေးရုံကို အရေးပေါ် တင်ထားရပါတယ်။

ဓါတ်လိုက် သေဆုံးခဲ့သူတွေရဲ့ နာရေး ကိစ္စအတွက် ရန်ကုန်တိုင်း လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့က လိုက်လံ ဆောင်ရွက်ပေးနေတယ်လို့ အင်ဂျင်နီယာချုပ် ဦးရန်လင်းက ပြောပါတယ်။

လက်ရှိမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ ဓါတ်အားလိုင်း စိတ်မချရတဲ့ နေရာတွေမှာ ရန်ကုန်တိုင်း လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့က ပြင်ဆင်မှုတွေ ဦးစားပေး လုပ်နေတယ်လို့ ဦးရန်လင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း အခုဆိုရင် ရန်ကုန်မြို့မှာ ရက် ၂၀ကာလအတွင်း ဓါတ်ကြိုး ပြတ်ကျ ဓါတ်လိုက်လို့ သေဆုံးခဲ့ရသူပေါင်း ၆ဉီး ရှိသွားပြီ ဖြစ်တာမို့ ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်တုန်းကလည်း ကမာရွတ် လှည်းတန်းစျေးမှာ ဓါတ်ကြိုး ပြတ်ကျပြီး လူနှစ်ဉီး ဓါတ်လိုက် သေဆုံးခဲ့သလို ဇွန်လ ၃၀ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်မှာ ဓါတ်ကြိုးပြတ်ကျပြီး တဉီး သေဆုံးခဲ့ပါတယ်။