လျှပ်စစ်ကြိုး ပြတ်ကျလို့ ၃ဦး သေဆုံး

  • 11 ဇူလိုင် 2014
_yangon_electricty_cable_
Image caption ရန်ကုန်မြို့က လျှပ်စစ်ကြိုးတွေ အခြေအနေ

လှိုင်သာယာမြို့ အမှတ် (၁၅)ရပ်ကွက် ဈေးမှာ သောကြာနေ့ မနက် (၉)နာရီခွဲ လောက်က လျှပ်စစ်ဓာတ်တိုင်က ဓာတ်ကြိုး ပြတ်ကျတဲ့ အတွက်၊ အမျိုးသမီး (၃) ဦး ဓာတ်လိုက်ပြီး နေရာမှာတင် ပွဲချင်းပီး သေဆုံးခဲ့ သလို၊ ကလေးငယ် တစ်ဦးကို လည်း ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

သေဆုံးသူ (၃)ဦး စလုံးဟာ ဧရာဝတီတိုင်းကနေ စီးပွားရှာဖို့ ရန်ကုန်မှာ တက်လာပြီး လုပ်ကိုင် စားသောက် နေတဲ့ ဆွေမျိုး မိသားစုဝင်တွေ ဖြစ်ပါတယ်။

ဓာတ်လိုက် သေဆုံးသူ (၃)ဦးထဲမှာ ဇနီးနဲ့ ညီမဝမ်းကွဲ (၂)ဦးစလုံး အသက် ဆုံးရှုံးလိုက်ရတဲ့ ဦးစိုးနိုင်က၊ ဒိုးတူဘောင်ဘက် လုပ်ကိုင်ရှာဖွေ နေကြရသူတွေ ဆုံးပါးကုန်တာကြောင့်၊ ကျန်ရစ်သူ မိအိုဖအိုတွေ ကလေးတွေနဲ့ ရှေ့ကို ဘယ်လို ခရီးဆက်ရမလဲ ဆိုတာ အခက် တွေ့ နေရပြီ လို့ ပြောပါတယ်။

ဦးစိုးနိုင် အနေနဲ့ နစ်နာ ဆုံးရှုံးရမှု အတွက် အစိုးရဘက်က ပေးတဲ့ ထောက်ပံ့ ကူညီမှုတွေ ရရှိဖို့၊ မျှော်လင့်နေပါတယ်။

အခု လှိုင်သာယာ ဖြစ်ရပ် အပါအဝင်၊ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက် (၂၀)လောက်အတွင်း ဓာတ်အားကြိုး ပျက်ကျပြီး ဓာတ်လိုက်တဲ့ အတွက် လှည်းတန်းဈေးထဲမှာ လူ(၂)ဦး၊ မြောက်ဥက္ကလာပ မြို့နယ်မှာ လူ (၁)ဦး နဲ့ စုစုပေါင်း လူ (၆)ဦး သေဆုံးခဲ့ရပါတယ်။

ဒီလို မကြာခဏ ဓာတ်ကြိုးတွေ ပြတ်ကျပြီး လူ သေဆုံးမှုတွေ ဖြစ်နေရတာဟာ ကာလ အတန်ကြာ သက်တမ်း ရှိပြီဖြစ်တဲ့ ဓာတ်အားကြိုးတွေ ကို သုံးစွဲ နေရတဲ့ အတွက် ဖြစ်တယ်လို့ ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က ဦးရန်လင်းက ပြောပါတယ်။

ဒီအတွက် လိုအပ်တဲ့ ဓာတ်အားလိုင်း ပြင်ဆင်မှုတွေကို လုပ်နေသလို၊ လှိုင်သာယာ ဓာတ်အားကြိုး ပြတ်ကျမှုမှာ သေဆုံးခဲ့သူတွေရဲ့ နာရေးကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမယ် ဆိုပြီး ဦးရန်လင်းက ဆိုပါတယ်။

ဒါပေမယ့် သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေအတွက် ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့က နစ်နာကြေး ပေးမလား ဆိုတာကိုတော့ ဦးရန်လင်းက သူ မသိဘူးလို့ ပြန်လည် တုန့်ပြန် ပါတယ်။

လှိုင်သာယာမြို့နယ် ရဲစခန်းမှူးကတော့ အခုလို ဓာတ်အားလိုင်း ပျက်ကျလို့ ဓာတ်လိုက် သေဆုံးသူမှုအတွက် ရဲစခန်းမှာ သေမှုသေခင်း ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လိုအပ်တဲ့ ဓာတ်ကြိုး လဲလှယ် ပြင်ဆင်တာတွေ လုပ်နေတယ် ဆိုပေမယ့်၊ ဖရိုဖရဲ အုံလိုက် ရှုပ်ထွေးနေတဲ့ ဓာတ်ကြိုးတွေကို လူတွေရဲ့ ဦးခေါင်းတွေထက် ရန်ကုန်မြို့ နေရာအနှံ့ မှာ တွေ့နေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ