ပခုက္ကူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ

  • 12 ဇူလိုင် 2014
suu
Image caption ပြည်သူ လေးစားတဲ့ တပ်မတော် ဖြစ်ဖို့ တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးတွဲ လုပ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု ဟောပြောပွဲ ကို မကွေးတိုင်း ပခုက္ကူမြို့မှာ ပြုလုပ် ခဲ့ပါတယ်။

ပခုက္ကူ မြို့ရဲ့ မြောက်ဘက် မြို့ရှောင် လမ်းမကြီး ဘေးမှာ လုပ်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပုသိမ် လွှတ်တော် အမတ် ဦးဝင်းမြင့်တို့ ဟောပြောခွင့် ရခဲ့ပေမယ့် ၈၈ ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ကတော့ ဟောပြောခွင့် တင်တာ နောက်ကျတဲ့ အတွက် ဟောပြောခွင့် မရခဲ့ပါဘူး။

ဒီပွဲမှာ ဒေါ်အောင်ဆန်း စုကြည် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တွေကို မပြင်ချင်သူ တွေဟာ စေတနာ၊ ပညာနဲ့ သတ္တိ မရှိသူတွေ ဖြစ်တယ်လို့ ပြောသွား ပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ လက်မှတ် ရေးထိုးဖို့ နောက်ဆုံးရက်ဟာ တပတ်ပဲ လိုတော့တာမို့ ဝန်ထမ်းတွေ အပါအဝင် ပြည်သူတွေ သတ္တိရှိရှိ လက်မှတ် ရေးထိုး ကြဖို့လည်း ပြောသွား ပါတယ်။

ဒီနေရာမှာ တပ်မတော်သား တွေ အနေနဲ့ လည်း ပြည်သူ လေးစားတဲ့ တပ်မတော် ဖြစ်ဖို့ သတ္တိရှိရှိနဲ့ လမ်းမှန်ပေါ် လျှောက်ကြပါ လို့လည်း တိုက်တွန်းသွားပါတယ်။ တခြား ဒေသတွေမှာ လုပ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေမှာ မေးခွန်း ၅ ခုလောက် ပဲ ပရိသတ်ကို မေးခွင့် ပေးပေမယ့် ပခုက္ကူ ပွဲမှာတော့ မေးခွန်း ၁၁ ခု အထိ မေးခိုင်း ခဲ့ပါတယ်။

ပခုက္ကူ ခရိုင်တွင်းက ကပစ လက်နက် စက်ရုံ အမှတ် ၂၄ အကြောင်း ကို ရေးခဲ့လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ကျခံ ခဲ့ရတဲ့ ယူနတီ သတင်းထောက် တွေရဲ့ အကြောင်း မေးတဲ့အခါမှာ ဒီပြစ်ဒဏ်ဟာ သတင်းသမား တွေအတွက် ပြင်းထန် လွန်းတဲ့အတွက် တာဝန် ရှိသူတွေ ပြန်လည် သုံးသပ် သင့်တယ်လို့ ဖြေသွားပါတယ်။

ပခုက္ကူ ဟောပြောပွဲမှာ ရဟန်း ရှင်လူ တသိန်း နီးပါး တက်ခဲ့တာကြောင့် မန္တလေး ဟောပြောပွဲ ပြီးရင် တက်ရောက်သူ အများဆုံး လို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ တွေကို တက်ခဲ့သူ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ