NDFအမတ်တွေ ကိုယ်ကြိုက်ရာ အဆို တင်နိုင်

  • 13 ဇူလိုင် 2014
_ndf_kms
Image caption NDF ဥက္ကဌ ဦးခင်မောင်ဆွေ

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ရဲ့ အမတ်တွေကို လွှတ်တော်မှာ ဘယ် အဆို တင်ရမယ် မတင်ရဘူး လို့ ကန့်သတ်ထားခြင်း မရှိသလို၊ ပါတီရဲ့ အမတ် ဒေါ်ခင်ဝိုင်းကြည် က မျိုးစောင့် ဥပဒေ ပြဌာန်းဖို့ လွှတ်တော်မှာ အဆိုတင်ခွင့် ရှိရင် တင်မယ် ဆိုပြီး ပြောဆိုခဲ့တာကလည်း ပါတီနဲ့ မသက်ဆိုင်ဘူး ဆိုပြီး၊ NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

အမတ်တစ်ဦးရဲ့ သဘောထားကို ထောက်ပြပြီး NDF ပါတီ အပေါ်၊ မျိုးစောင့် ဥပဒေကို ထောက်ခံတဲ့ ပါတီ အဖြစ် စွပ်စွဲခြင်းဟာလည်း မဆီလျော်ဘူးလို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။

ပါတီဝင် အမတ်တစ်ဦး ရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေ ဟာ ပါတီရဲ့ ရပ်တည်မှု ကို အနည်းနဲ့အများ ထင်ဟပ် သက်ရောက်မှု ရှိစေနိုင်တယ် ဆိုတဲ့ အချက်ကို၊ ဦးခင်မောင်ဆွေ က ငြင်းပယ်ခဲ့ပြီး၊ NDF အမတ်တွေ မှာ ကိုယ့်သဘော ဆန္ဒအရ အဆိုတွေ တင်ပိုင်ခွင့် ဒီမိုကရေစီ နည်းကျ အခွင့်အရေး ကို ပေးထားတယ် လို့လည်း ထပ်လောင်း ပြောပါတယ်။

မျိုးစောင့်ဥပဒေ ကို လွှတ်တော်မှာ တင်သွင်းဖို့ NDF ပါတီ အနေနဲ့ ဆုံးဖြတ်ထားခြင်း မရှိဘူး လို့ ဦးခင်မောင်ဆွေက အတည်ပြု ပြောကြားပါတယ်။

ဒါပေမယ့် အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ ရွေးကောက်ပွဲမှာ အမတ်တွေ ရွေးချယ်ဖို့ အဆိုကို တင်သင့်တာကတော့ အမှန်တကယ်ပါပဲ လို့ ပြောပါတယ်။

ဒီ PR စနစ် ကျင့်သုံးဖို့ အဆိုကို NDF အမတ် ဒေါ်ခင်ဝိုင်းကြည် လွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ အပေါ်၊ ဝေဖန်ရေးသားထားတဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်ပါ ‘NDF ပါတီ၏ နိဂုံး’ ဆောင်းပါးဟာ၊ ပါတီကို နစ်နာစေတယ် ဆိုပြီး၊ NDF ပါတီက မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီထံ တိုင်ကြားထားပါတယ်။

PR စနစ် ကျင့်သုံးသင့်ကြောင်း NDF အမတ်က လွှတ်တော်မှာ အဆိုတင်စဉ်တုန်းက၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ ကျင့်သုံးဖို့ အဆိုတင်ခဲ့ပေမယ့်၊ နောက်ပိုင်း NDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးရန် ဆိုပြီး ရေးသားထားတယ်လို့၊ ဆောင်းပါးရှင်က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

NDF အမတ် ဒေါ်ခင်ဝိုင်းကြည် အနေနဲ့ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးရန် ဆိုတဲ့ အချက်ကို လွှတ်တော်ထဲမှာ ဖြည့်စွက် ပြောကြားခဲ့တာကို ဆောင်းပါးရှင် မသိပဲ၊ ဝေဖန်တာ ဆိုပြီး ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ