သမ္မတနဲ့ အနုပညာ သမား တွေ တွေ့ဆုံ

  • 12 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အနုပညာသမားတွေ ကို ကူညီမယ်လို့ ဦးသိန်းစိန် ပြော

ရုပ်ရှင်၊ ဂီတ၊ သဘင် လောက အနုပညာရှင် တွေရဲ့ တောင်းဆို တင်ပြချက်တွေကို တတ်နိုင်သမျှ လိုက်လျော ကူညီ သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေး လိုက်ပါတယ်။

ရန်ကုန်မြို့ MPC ငြိမ်းချမ်းရေး စင်တာမှာ အနုပညာသည် ၁၀၀ ကျော်ကို ဦးသိန်းစိန်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပဲခူး ညောင်နှစ်ပင် ဖက်မှာ ရုပ်ရှင်စတူဒီယို တည်ဆောက်ဖို့ မြေဧက ၁၀၀ ကျော်ချပေး မယ်လို့လည်း သမ္မတက ဆိုပြီး၊ ရန်ကုန်နဲ့ မန္တလေး မှာ အော်ပရာ ဇာတ်ရုံတွေ တည်ဆောက် နိုင်ဖို့ တရုတ် နိုင်ငံက အကူအညီ ပေးမယ့် အကြောင်း လည်းပြော သွားပါတယ်။

ရုပ်ရှင်၊ ဂီတနဲ့ သဘင် အစည်းအရုံး ဖောင်ဒေးရှင်း သုံးခု ဖွဲ့စည်းဖို့ အတွက် နိုင်ငံတော်ရဲ့ မတည်ငွေ သိန်း ၁၅၀ ကိုလည်း သမ္မတက အနုပညာရှင် တွေကို ပေးအပ် ခဲ့ပါတယ်။

ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်း ကတော့ အစိုးရရဲ့ အကူအညီမှာ နှောင်ကြိုးပါမပါ ကိုစောင့်ကြည့် ရမှာ ဖြစ်ပေမယ့် လိုအပ်ချက် များစွာ ရှိနေတဲ့ အနုပညာ လောက အတွက်ပံ့ပိုး ကူညီမှုတွေ ရလိုက်တယ်လို့ မြင်ကြောင်း ပြောပါတယ်။