ဘောပွဲကိုက်လို့ ဖျားနာကြသူများ

  • 13 ဇူလိုင် 2014
world cup ဓာတ်ပုံ မူပိုင် AP
Image caption နိုင်သူပြုံးလို့ ရှုံးသူငိုတဲ့ ကမ္ဘာဖလား ၂၀၁၄

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂျာမနီနဲ့ အာဂျင်တီးနားတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာမှာ ဂျာမနီအသင်းက အချိန်ပို နာရီဝက်မှာ တဂိုးသုညနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားကို သိမ်းပိုက်သွားပါပြီ။

ဒီကမ္ဘာ့ဖလားဘောလုံးပွဲ တလျှောက်လုံးမှာ ကမ္ဘာတလွှား အားကစားဝါသနာအိုးတွေက သည်းကြီးမည်းကြီး အားပေးခဲ့ကြပါတယ်။

အရင်တုန်းကတော့ အရပ်ထဲမှာ ဇာတ်ပွဲ အလင်းကြည့်ပြီး အလုပ်ပျက်အကိုင်ပျက် အိပ်ရေးပျက်ဖြစ်ကြရတာကို ပွဲကိုက်တယ်လို့ ခေါ်ကြပါတယ်။

အခုတော့ ကမ္ဘာတလွှားမှာ ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် လူအများအပြား အအိပ်ပျက် အစားပျက် အလုပ်ပျက်ဖြစ်နေကြလေတော့ ဘောလုံးကိုက်ခံနေကြရတယ်လို့ ဆိုရမှာပါ။

ကမ္ဘာမှာတော့ ဒါကို world cup fever ဘောလုံးဖျားတက်တယ်လို့ ခေါ်နေကြပါတယ်။

ပွဲပြီးသွားတဲ့အခါတောင် ခံစားချက်တွေက မသေနိုင်သေးဘဲ ပျော်သူတွေလည်း အရှိန်မကုန်၊ ဝမ်းနည်းသူတွေလည်း အရှိန်မကုန်နဲ့ ပြီးခဲ့တဲ့ ဘောလုံးပွဲတွေကလည်း အိပ်မက်လိုလိုနဲ့ ယောင်နန ဖြစ်နေကြရတာတွေကလည်း အရက်နာကျသလို ဖြစ်ကြရတာမို့ ဘောလုံးနာကျတယ်လို့ ဆိုရရင်လည်း မှားမယ်မထင်ပါဘူး။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဂျာမနီဆိုရင်တော့ ပိုလို့တောင် အဖြစ်သည်းပါသေးတယ်။

ဂျာမနီနိုင်ငံသားဖြစ်နေတဲ့ ဗမာအမျိုးသမီး မနန်းချယ်ရီကို ပွဲမစခင်တုန်းက ဒီပွဲကြည့်မလားလို့ ကျနော်ကမေးတော့ ဗိုလ်လုပွဲမတိုင်ခင်မှာ သောကြာ စနေနေ့ကို စောင့်ရတာတောင် စိတ်မရှည်လွန်းလို့ နာရီနဲ့ ရေတွက် စောင့်ဆိုင်းနေမိတယ်လို့ ဆိုပါတယ်။

ဂျာမနီမှာတော့ လူတိုင်းလိုလိုက ဂျာမနီဘောလုံးအသင်း ဝတ်စုံဝတ်ထားလိုက်ကြတာ အမျိုးသားဝတ်စုံအဖြစ်တောင် သတ်မှတ်ထားသလားလို့ ထင်ရလောက်အောင်ပဲလို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ဘောလုံးပွဲကိုက်ခံကြရသူတွေမနည်းပါဘူး။

မနက် ၂ နာရီခွဲဆိုတာ သန်းခေါင်သန်းလွဲ အချိန်ကြီးဖြစ်ပေမဲ့ လ္ဘက်ရည်ဆိုင်သွားကြည့်ကြ၊ ဘီယာဆိုင်သွားကြည့်ကြ၊ သူငယ်ချင်းတွေအိမ်မှာ စုကြည့်ကြ၊ အပျော်တမ်းလောင်းကစားကြ၊ သူဌေးဖြစ်ခွေးဖြစ်လောင်းကစားကြနဲ့ မအိပ်နိုင်မစားနိုင်လုံးနေကြတဲ့ ဘောလုံးသမားတွေ မနည်းလှပါဘူး။

ခုဆိုရင် ဘောလုံးပွဲကတော့ ပြီးသွားပါပြီ။

ရလဒ်ကတော့ အားလုံးသိကြတဲ့ အတိုင်း ဂျာမနီက တဂိုးသုညနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

မိနစ်ကိုးဆယ်မှာ တဂိုးမှ မသွင်းနိုင်ကြလို့ အချိန်ပို နာရီဝက်ထပ်ကစားရတာဖြစ်လို့ တဝကြီး ကြည့်ကြရတဲ့ ပွဲတပွဲဖြစ်ပါတယ်။

အားကစားဝါသနာအိုးတချို့ကတော့ အခုချိန်ဆို အိပ်မက်ထဲမှာ မူလာတို့မက်ဆီတို့နဲ့ နောက်တပွဲ ဆက်နွှဲချင်လည်း နွှဲနေကြဉီးမယ်ထင်ကြောင်းပါ။