လူမှုရေး အကူအညီ ပေးမယ်လို့ ဒုဝန်ကြီးပြော

  • 14 ဇူလိုင် 2014
_urban_wir
Image caption ရန်ကုန်က ဓာတ်ကြိုး အရှုပ်အထွေး

အခု မိုးတွင်းကာလ ၃ပတ် အတွင်း၊ ရန်ကုန်မြို့ အများသွားလာနေတဲ့ နေရာတွေမှာ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျတဲ့ အတွက်၊ သေဆုံးရသူ ၇ -ဦး ထက်မနည်း ရှိခဲ့တာ မှာ၊ ကျန်ရစ်သူ မိသားစုတွေ ကို နစ်နာကြေး သဘော မဟုတ် ပဲ၊ လူမှုရေး ကိစ္စတွေကို အားလုံး တာဝန် ယူပေးမယ် လို့ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေး က ပြောပါတယ်။

ဒီလို မတော်တဆမှု တွေ ဖြစ်နေတာ အပါအဝင်၊ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ ကြုံတွေ့နေရ တဲ့ အဓိက ပြဿနာ ကတော့၊ ရန်ကုန်မြို့တော် မှာ တိုးပွားလာတဲ့ လူဦးရေ၊ အိုးအိမ် တိုက်ခန်းတွေ နဲ့ လိုက်လျောညီထွေစွာ၊ ခံနိုင်ရည်ရှိတဲ့ လျှပ်စစ်ဓာတ်အား လိုင်းကြိုးတွေ ပြောင်းလဲ ချိတ်ဆွဲဖို့ရာ၊ ဝန်ကြီးဌာနမှာ လုံလောက်တဲ့ အသုံးစားရိတ် ဘတ်ဂျက်မျိုး မရှိဘူး လို့ ဦးမော်သာထွေး က ပြောပါတယ်။

မီတာခ နှုန်းထားတွေ တိုးမြှင့် ကောက်ခံခဲ့ပေမယ့်၊ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ လျှပ်စစ် ပေးဝေ ဖြန့်ဖြူးရေးမှာ ပစ္စည်းသစ်တွေ ဝယ်ယူ ရင်းနှီး မြှုပ်နှံဖို့ မတတ်နိုင်ဘူးလို့ လည်း ဆိုပါတယ်။ ဒါ့ကြောင့် အတိုးသက်သာ တဲ့ နိုင်ငံခြား ချေးငွေတွေ လိုက်လံ ရှာဖွေရပြီး၊ အဲဒီ့ ချေးငွေတွေ နဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရတယ် လို့ ဦးမော်သာထွေး က ပြောပါတယ်။

JICA လို ဂျပန်အစိုးရ ရဲ့ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အဖွဲ့နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB လို၊ နိုင်ငံတကာ အဖွဲ့တွေရဲ့ အကူအညီတွေ လည်း အခုလို နိုင်ငံရေး အသွင်ပြောင်းကာလ မှာ စတင် ရရှိနေပြီ လို့ သိရပါတယ်။

အဆင့်မီ ဓာတ်အားလိုင်း တွေ ပြောင်းလဲ တပ်ဆင်ရေးလို အခြေခံ ပြုပြင်မှုတွေကို၊ အိမ်ထောင်စု အားလုံးအတွက် လုပ်ပေး နိုင်ဖို့ကတော့၊ အချိန်ကာလ အတိတကျ မပြောနိုင်ပေမယ့်၊ ဒီလို အသွင်ပြောင်း ကာလမှာ နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေ ဌာနဆိုင်ရာတွေ ဘက်ကလည်း ပိုမို ပွင့်လင်း မြင်သာမှု ရှိဖို့ အပါအဝင်၊ အဂတိ လိုက်စားမှုလို ပြဿနာတွေ ကင်းစင် ပပျောက်ဖို့ အရေးကြီးတယ် ဆိုပြီး၊ ဦးမော်သာထွေး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ