တက္ကသိုလ်နဲ့ အခြေခံပညာ ဆရာများ သမဂ္ဂတွေ ဖိအားပေးခံနေရ

  • 14 ဇူလိုင် 2014
Image caption တက္ကသိုလ်နဲ့ အခြေခံ ပညာ ဆရာ ဆရာမတွေ အပေါ် ဖိအားပေးမှုတွေ ရှိနေ

တက္ကသိုလ် ဆရာ ဆရာမများ သမဂ္ဂနဲ့ အခြေခံ ပညာ ဆရာ ဆရာမများ သမဂ္ဂ ဖွဲ့တာကို ပညာရေး ဝန်ကြီး ဌာနက ဖိအားတွေ အမျိုးမျိုး ပေးနေတယ်လို့ သိရပါတယ်။

သမဂ္ဂထဲကနေ ထွက်ဖို့ တရားဝင် အမိန့်ပေးတာမျိုး မရှိပေမယ့် ကျူရှင် မပေးရဘူး၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ရဘူး ဆိုပြီး လက်မှတ် လိုက်ထိုးခိုင်း တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာဦးသန်းထိုက်အောင်က ပြောပါတယ်။

အခုအခါ ပညာရေး ဆိုင်ရာ သမဂ္ဂ အဖွဲ့ ၁၁ဖွဲ့ လောက် ဖွဲ့ထားပြီး ဖြစ်ကြောင်း၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ အာဏာပိုင်တွေဘက်က ပိုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာရမယ့်အစား ပျက်စီးရာ ပျက်စီးကြောင်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပညာရေးစနစ်က နိမ့်ကျ နေဆဲ ဖြစ်သလို ဆရာ ဆရာမတွေရဲ့ ဘဝကလည်း နင်းပြား ဘဝမှာ ရှိနေဆဲပဲလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်ကို မြန်မာ အစိုးရက အသိအမှတ် မပြုသေးပေမယ့် ပြီးခဲ့တဲ့လက ဂျီနီဗာမြို့မှာ ကျင်းပ ပြီးသွားတဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ညီလာခံက အသိအမှတ် ပြုထားတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာဦးသန်းထိုက်အောင်က ပြောပါတယ်။