ယူနတီ သတင်းထောက်တွေအတွက် သတင်းသမားတွေ ထပ်ဆန္ဒပြ

Image caption အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရတဲ့ ယူနတီ ဂျာနယ် သတင်းသမားတွေ

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ် ခံခဲ့ရတဲ့ ယူနတီ ဂျာနယ် သတင်းထောက် ၅ဦးအတွက် ရန်ကုန်နဲ့ စစ်တွေမြို့မှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဇူလိုင်လ ၁၂ရက်နေ့တုန်းက ယူနတီ ဂျာနယ် ကိစ္စအကြောင်း သမ္မတကို ဆန္ဒ ထုတ်ဖော်ခဲ့သူ သတင်းထောက် ၅၀ကို တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့အပြီးမှာ သတင်းသမားတွေက အခုလို ဆုတောင်းပွဲတွေ ထပ်လုပ်ခဲ့ကြတာပါ။

ယူနတီ ဂျာနယ် သတင်းသမား ၅ ဦးဟာ မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်း စက်ရုံ အမှတ် ၂၄ အကြောင်း ရေးသားခဲ့တဲ့အတွက် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပခုက္ကူ တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ တနင်္လာနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ် ကန့်ကွက်ခဲ့သလို နေ့လည်ပိုင်း တုန်းကလည်း သတင်း ဂျာနယ်၊ ရုပ်သံနဲ့ အသံလွှင့် မီဒီယာ သတင်းသမား ဦးရေ ၄၀ကျော်လောက် ရန်ကုန်မြို့မှာ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ကန့်ကွက် လှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ အပါအဝင် မြန်မာ သတင်းသမား ကွန်ရက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တွေ ထုတ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ က သတင်းသမားတွေ ကို အကာအကွယ် ပေးဖို့ ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေကို လွှတ်တော်မှာ အတည်ပြုပြီး ဖြစ်ပေမယ့် တရားဝင် ဥပဒေ ထွက်မလာသေးချိန်မှာ သတင်းသမားတွေကို ဖမ်းဆီး အရေးယူမှုတွေ၊ နှစ်ရှည် ထောင်ဒဏ် အပြစ်ပေးမှုတွေ ရှိနေခဲ့ပါတယ်။