တနိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး ကျင်းပ

  • 15 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption KNU နဲ့အစိုးရကြား အပစ်ရပ်ရေး ဆက်လက် ဆွေးနွေး ညှိနှိုင်းနေ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရေးနဲ့ ပတ်သက်လို့ KNU ကရင် အမျိုးသား အစည်းအရုံးက အရေးပေါ် အစည်းအဝေး တရပ်ကို ဇူလိုင်လ ၁၄ရက် တနင်္လာနေ့ကစလို့ ၃ရက်ကြာ ကျင်းပနေ ပါတယ်။

NCCT က အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းမှုကနေ အခြေခံပြီး ရလာတဲ့ အခြေအနေ အနေအထားတွေမှာ ဘယ်အချက်တွေက တစ်ဆို့မှု ဖြစ်နေသလဲဆိုတာကို သုံးသပ် ဆွေးနွေးနေကြတယ်လို့ KNU တွဲဘက် အတွင်းရေးမှူး၂ ပဒို မန်းမန်းက ဘီဘီစီကို ပြောပါတယ်။

KNU က တောင်းဆိုထားတဲ့ အချက်နဲ့ အစိုးရက တောင်းဆိုတဲ့ အချက်တွေအကြား ညှိနှိုင်းနေတာ ဘယ်အဆင့်အထိ ရောက်နေပြီလဲ ဆိုတာကို သုံးသပ်ပြီး သဘောထား အမြင်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝေါဟာရ၊ အချက်အလက်နဲ့ မူပိုင်းဆိုင်ရာတွေမှာ တစ်ဆို့မှု တချို့ ရှိပေမယ့် သိပ်အများကြီးတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

NCCT က ဆုံးဖြတ်ချက် ချနိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီရဲ့ သဘောထားရယ် ထိပ်သီး အစည်းအဝေးမှာ အဖွဲ့အားလုံးရဲ့ သဘောထားတွေကိုပါ ရယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိက အရေးကြီးတဲ့ အချက်တွေကို နှစ်ဘက် လက်ခံနိုင်ဖို့ အတွက် ညှိနှိုင်းစရာတွေ ရှိနေသေးသလို တိုင်းရင်းသား ထိပ်သီး ညီလာခံကိုလည်း တတိယအကြိမ် ကျင်းပရအုံးမှာမို့ တနိုင်ငံလုံး အပစ်ရပ်ရေးကို သြဂုတ်လမှာ အပြီးသတ် လက်မှတ် ရေးထိုးနိုင်ဦးမှာ မဟုတ်ဘူးလို့ သူ့အနေနဲ့ ယူဆကြောင်း KNU တွဲဘက် အတွင်းရေးမှူး၂ ပဒို မန်းမန်းက ပြောပါတယ်။