စာနယ်ဇင်းကောင်စီက သမ္မတထံတွေ့ခွင့်တောင်း

  • 15 ဇူလိုင် 2014
_thein_sein ဓာတ်ပုံ မူပိုင် Reuters
Image caption စာနယ်ဇင်းကောင်စီက တွေ့လိုတဲ့ သမ္မတ ဦးသိန်းစိန်

အစိုးရနဲ့ သတင်း မီဒီယာတွေ အကြား ဖြစ်ပေါ်နေ တဲ့ ပြဿနာတွေ အတွက် သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး ဖို့၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က တောင်းဆို လိုက်ပါ တယ်။

ဒါ့အပြင် သတင်းထောက်တွေ ကို အကာအကွယ် ပေးနိုင်မယ့် မီဒီယာ ဥပဒေ အသက် ဝင်လာဖို့ နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ရဲ့ အားကစား ယဉ်ကျေးမှု နဲ့ ပြည်သူ့ ဆက်ဆံရေး ကော်မတီ ကိုလည်း စာပို့ထားကြောင်း အဆိုပါ ယာယီ စာနယ်ဇင်း ကောင်စီ က ထုတ်ပြန်ပါတယ်။

သတင်းထောက်တွေ ကို တရားစွဲတာတွေ နှစ်ရှည်ထောင်ချတာတွေ နဲ့ သတင်းတပ်ဖွဲ့က ဂျာနယ်တွေကို ခေါ်ယူ မေးမြန်း နေတာတွေ အပါအဝင်၊ မီဒီယာတွေ ဖိနှိပ်ခံနေရတာ နဲ့ ပတ်သက်လို့ သမ္မတနဲ့ တွေ့ခွင့် တောင်းရတာ ဖြစ်တယ် ဆိုပြီး၊ စာနယ်ဇင်းကောင်စီ ရဲ့ အဖွဲ့ဝင် ဦးဇော်သက်ထွေး က ပြောပါတယ်။

သမ္မတ အနေနဲ့ တွေ့ဆုံခွင့် တောင်းဆိုမှု ကို လက်မခံဘူး ဆိုရင်တော့ သမ္မတက ဖွဲ့ပေးခဲ့တဲ့ ဒီ ယာယီ စာနယ်ဇင်း ကောင်စီ ဆက်လက် ရှိသင့်လားဆိုတဲ့ ရပ်တည်မှု အပေါ်ကိုပါ ပြန်လည် သုံးသပ်ရ မှာ ဖြစ်တယ် လို့ လည်း ဦးဇော်သက်ထွေး က ပြောပါတယ်။

မီဒီယာတွေ ပိုမို ကန့်သတ် ခံနေမယ် ဆိုရင်တော့၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ တွေမှာ လွတ်လွတ်လပ်လပ် သတင်းရေးသားခွင့် ရနိုင်ရေး အတွက်ပါ စိုးရိမ် ပူပန်ရတယ် ဆိုတဲ့ သုံးသပ်မှုမျိုး ပြည်တွင်း စာနယ်ဇင်း အသိုင်းအဝန်းကြား ရှိနေပါတယ်။

စာနယ်ဇင်း ကောင်စီဟာ ပုံနှိပ်ထုတ်ဝေရေး ဥပဒေ နဲ့ ပတ်သက်ပြီး၊ သမ္မတနဲ့ အရင် တစ်ခေါက်က တွေ့ဆုံ ခဲ့ကြဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ