အသိမ်းခံမြေမှာ ဝင်ထွန်ယက်တဲ့ ကန့်ဘလူ လယ်ပိုင်ရှင်တွေ တရားစွဲခံရ

  • 16 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption လယ်မြေ ပြန်မရလို့ ကိုယ့်မြေမှာ ကိုယ် ဝင်ထွန်ယက်မှုတွေ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်က ကျေးရွာတွေမှာ စစ်အစိုးရ လက်ထက်က သိမ်းထားတဲ့ လယ်မြေတွေ အခု အစိုးရ လက်ထက်မှာ ပြန်ပေးနေပေမယ့် လယ်မြေ ပြန်မရသေးလို့ ကိုယ့်မြေထဲ ဝင်ထွန်ယက် ခဲ့ကြတဲ့ ရာနဲ့ ချီတဲ့ တောင်သူ တွေကို အာဏာပိုင်တွေက တရားစွဲထားသလို ကူညီသူတွေနဲ့ အုပ်ချုပ်ရေးမှူး ၂ဦးကို ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ထောက်ရှာအိုင်၊ ပိတောက်ကုန်း၊ ယောက်သင့်ကန်၊ မြေမွန်၊ ပေကြီး၊ ဗူးကုန်း၊ ငှက်ပျောတိုင်၊ ခအုံးသာဆိုတဲ့ ရွာတွေက မြေဧက ၃ထောင်ကျော်ကို တပ်မ ၃၃ လက်အောက်ခံ တပ်ခွဲ ၅ ကြံစိုက်ပျိုးရေးတပ်က သိမ်းထားခဲ့တာပါ။

အဲဒီ လယ်တွေ ပြန်ရရေး ကိစ္စနဲ့ တောင်သူ ၄၀ဝ ၀န်းကျင် တရားစွဲ ခံနေရတဲ့ အထဲက ပေကြီးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်း၊ ထောက်ရှာအိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘို၊ လယ်သမား အရေး ကူညီသူ စစ်ကိုင်းတိုင်း တာဝန်ခံ ဦးကောင်းထွန်းနဲ့ တောင်သူ ၃ဦး၊ စုစုပေါင်း ၆ဦးကို ဇူလိုင် ၁၄ရက် တနင်္လာနေ့က ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချလိုက်ပါတယ်။

အခု အမှုအခင်း ဖြစ်နေတဲ့ မြေတွေကို ၁၉၉၇ ခုနှစ်က သိမ်းထားခဲ့ပြီး စစ်တပ်က ကိုယ်တိုင် စိုက်ပျိုးတာ မဟုတ်ပဲ တခြားဒေသက လုပ်ငန်းရှင်တွေကို သီးစားခ ချခဲ့တာလို့ လယ်သမားအရေး ကူညီသူ ကိုမျိုးဝင်းက ဘီဘီစီကို ပြောပြပါတယ်။

အခု အစိုးရ လက်ထက်မှာ မူလ တောင်သူတွေက ပြန်တောင်းလို့ ၂၀၁၃ခု မတ်လတုန်းက ကာကွယ်ရေး ဝန်ကြီး ဌာနကနေ မူလ ပိုင်ရှင်တွေကို ပြန်ပေးခဲ့တာပါ။

ဒါပေမယ့် စစ်တပ်ဆီကနေ သီးစားခနဲ့ ငှားရမ်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကို ဒီမြေတွေ ပေါ်ကနေ ထွက်ပေးဖို့ကိစ္စကိုတော့ သေချာ ရှင်းလင်း မပေးခဲ့ဘူးလို့ သိရပါတယ်။

သီးစားခနဲ့ လုပ်နေသူတွေကလည်း ဒီမြေတွေပေါ်ကနေ ထွက်မပေးပဲ ဖြစ်နေရာကနေ မူလ မြေပိုင်ရှင်တွေက ဝင်ပြီး ထွန်ယက် စိုက်ပျိုးတဲ့အခါ သီးစားခနဲ့ ငှားရမ်း စိုက်ပျိုးနေသူတွေက မူလ မြေပိုင်ရှင်တွေကို တရား ပြန်စွဲခဲ့တာ ဖြစ်တယ်လို့ ကိုမျိုးဝင်းကပြောပါတယ်။

မြေယာတွေကို စစ်တပ်က ပြန်ပေးစဉ် တုန်းကလည်း စိုက်ပျိုးထားတာတွေ ရိတ်သိမ်းပြီးရင် ဒီလယ်မြေတွေပေါ်ကနေ ထွက်ပေးပါ့မယ်လို့ သီးစားခနဲ့ ငှားရမ်း လုပ်နေသူတွေနဲ့ မြေပိုင်ရှင်တွေ သဘောတူ စာချုပ် ချုပ်ခဲ့ပေမယ့် အဆင်မပြေ ခဲ့ဘူးလို့ ကန့်ဘလူ ဒေသခံ ကိုတင်နိုင်ထွန်းက ပြောပြပါတယ်။

ခုလို ပြဿနာတွေ တက်နေတာကို သက်ဆိုင်ရာကို တင်ပြခဲ့ပေမယ့် ခုချိန်ထိ ဝင်ရောက် ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ တောင်သူတွေနဲ့ သူတို့ကို ကူညီသူတွေက ပြောပါတယ်။