မဟနကို ဦးဥတ္တရ တရားစွဲဖို့ ကြိုးပမ်းမှု ပယ်ချခံရ

  • 16 ဇူလိုင် 2014
Image caption မဟနကို တရားစွဲဖို့ ကိစ္စ ဗဟန်းတရားရုံးက ပယ်လိုက်ပေမယ့် ခရိုင်၊တိုင်းအထိ တက်မယ် လို့ ဦးဥတ္တရ မိန့်

မဟာ သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု ကိစ္စနဲ့ တရား ရင်ဆိုင်နေရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက နိုင်ငံတော် သံဃ မဟာနာယ (မဟန) ကို တရားစွဲဖို့ ဗဟန်း တရားရုံးမှာ ဦးတိုက် လျှောက်ထားတာကို တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

မဟာ သန္တိသုခကျောင်းမှာ သံဃာတော်တွေကို ဖမ်းဝရမ်း မပါဘဲ မတရား ဖမ်းဆီး ထိန်းသိမ်းထားခဲ့မှု၊ သွားလာ မရအောင် တားဆီးထားခဲ့မှုတွေ အတွက် အရေးယူပေးဖို့ ဗဟန်းတရားရုံးမှာ ဆရာတော် ဦးဥတ္တရက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလျှောက်ထားတဲ့ အမှုဟာ တာမွေ တရားရုံး အမှုနဲ့ ဆက်စပ်နေတယ်ဆိုပြီး တရားရုံးက ပယ်ချလိုက်ပေမယ့် ဆရာတော် ဦးဥတ္တရကတော့ မဟနကို ခရိုင်၊ တိုင်း တရားရုံးတွေအထိ အဆင့်ဆင့် တက်ပြီး ဆက်တရားစွဲသွားဖို့ စီစဉ်ထားတယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရဟာ တရားလို အနေနဲ့ မဟန အပါအဝင် မြို့နယ်နဲ့ တိုင်းသံဃာ အပါး ၂၀ကို တရားစွဲဆိုခဲ့တာပါ။

မဟာ သန္တိသုခကျောင်း ကို ဇွန်လ ၁၀ ရက်နေ့ညက မဟနက ဝင်ရောက် ချိတ်ပိတ်ပြီး သံဃာတော်တွေကို ဖမ်းဆီးခဲ့ပေမယ့် ဖမ်းဝရမ်းက တော့ ဇွန်လ ၁၂ရက်နေ့ကျမှ ထွက်လာခဲ့တာ ဖြစ်တယ်လို့ ဒီ အမှုကို ရှေ့နေ လိုက်ပေးမယ့် တရားလွှတ်တော် ရှေ့နေ ဦးသန်းထွန်းအောင်က ပြောပါတယ်။

သံဃာတော်တစ်ပါးကနေ မဟနလို သံဃာ့ အဖွဲ့အစည်း အကြီးကြီးကို အခုလို တရားစွဲတာဟာ အရင်တုန်းက မရှိခဲ့ဖူးပါဘူး။

သံဃာ အချင်းချင်း ဖြစ်တဲ့ ကိစ္စတွေမှာ ဝိနည်း ဆိုင်ရာ ခုံရုံးကနေပဲ ဖြေရှင်းခွင့် ရှိပေမယ့် ဒီကိစ္စမှာတော့ ရာဇဝတ်ကြောင်းနဲ့ ပတ်သက်နေတဲ့အတွက် သက်ဆိုင်ရာ တရားရုံးမှာ တရား စွဲဆိုနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးသန်းထွန်းအောင် က ပြောပြပါတယ်။

အမှုအတွက် သူတို့ဘက်ကနေ သံဃာတော်တွေနဲ့ ရပ်ကွက်နေ ပြည်သူ ၂၅ယောက်က သက်သေ လိုက်ပေးမယ်လို့လည်း သိရပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာ သန္တိသုခ ကျောင်းကိစ္စနဲ့ ပတ်သက်လို့တော့ ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၅ပါးဟာ သာသနာ့ဆိုင်ရာ ပြစ်မှုတွေနဲ့ တာမွေ တရားရုံးမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။