ကိုရီးယားသံရုံးရှေ့က အလုပ်သမား ဆန္ဒပြပွဲ

  • 17 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption အလုပ်သမားနေ့တွင် ဆန္ဒပြနေကြစဉ်

လှိုင်သာယာ စက်မှုဇုန်ထဲက ကိုရီးယား Master Sports ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ကျော်ဟာ အလုပ်ရှင်က ပေးရမယ့် လုပ်ခလစာနဲ့ နစ်နာကြေးတွေ ရဖို့အတွက် ကိုရီးယား သံရုံးရှေ့မှာ ကြာသာပတေးနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လကတည်းက မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့ Master Sports ဖိနပ် စက်ရုံဟာ အလုပ်သမားတွေရဲ့ ဇွန်လပိုင်း လုပ်ခလစာ နဲ့ အလုပ်ပိတ် နစ်နာကြေး ကို ခုချိန်ထိ မပေးသေးတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို စက်ရုံပိုင်ရှင် က လိုက်လျောဖို့ အကြိမ်ကြိမ် ပျက်ကွက်တဲ့အတွက် ဆန္ဒပြရတာလို့ စက်ရုံ အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မဇာဇာသိမ့်က ပြောပါတယ်။

အလုပ်သမားတွေကို နစ်နာကြေးပေးဖို့ ပျက်ကွက်ခဲ့တဲ့ စက်ရုံတာဝန်ရှိသူတွေကို အစိုးရ အလုပ်သမားဌာနတွေကလည်း အမှုဖွင့်ထားတယ်လို့ လှိုင်သာယာတရားရုံးမှာ အလုပ်သမားရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ဒါပေမယ့် မြန်မာ မန်နေဂျာတွေကို တရားစွဲထားတာသာဖြစ်ပြီး ကိုရီးယားလူမျိုး ပိုင်ရှင်ဖြစ်သူကတော့ မြန်မာနိုင်ငံက ထွက်ခွာသွားပြီးပြီလို့ သိရပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်လို့ ကိုရီးယားအလုပ်ရှင်နဲ့ ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့တာကို အစိုးရဘက်က ပြေလည်အောင် ဆောင်ရွက်ပေးခြင်း မရှိဘူးလို့လည်း သံရုံးရှေ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားရေးရာ ညွှန်ချုပ် ဦးဝင်းရှိန် ကတော့ ဒီကိစ္စအတွက် အလုပ်သမား ဝန်ကြီးဌာန က မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးကို သတိထောက်လွှာ ပေးပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ