ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ ယန်ဟီးလီး တွေ့ဆုံ

  • 17 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် bbc
Image caption မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လေ့လာဖို့ ဘာသာပေါင်းစုံက ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ Ms Yang hee lee တွေ့ဆုံ

မြန်မာနိုင်ငံကို ဇူလိုင်လ ၁၆ရက် ညနေက ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် Ms Yang hee lee ဟာ နောက်တနေ့မှာပဲ အင်းစိန် အကျဉ်းထောင်ကို သွားရောက်ပြီး အကျဉ်းသားတွေရဲ့ အခြေအနေ ကို ကြည့်ရှုလေ့လာ ခဲ့သလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ ၊ ဘာသာပေါင်းစုံက ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ms Yang hee lee နဲ့ တွေ့ဆုံစဉ်မှာ ဘာသာပေါင်းစုံက ကိုယ်စားလှယ် ခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ပေးထားကြောင်းကို ရှင်းလင်း ပြောပြခဲ့တယ်လို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်ပြီး အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ မျှမျှတတ အရေးယူသင့်ကြောင်းနဲ့ ဒုက္ခသည်တွေကို လိုအပ်တဲ့ အကာအကွယ် အောက်မှာ အထောက်အပံ့တွေ ပေးပြီး ပြန်လည် ပြုစု ပျိုးထောင်မှုတွေ လုပ်သင့်ကြောင်း အဖွဲ့ဝင် မွတ်ဆလင် ခေါင်းဆောင်တွေက Ms Yang hee leeကို တင်ပြ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတဲ့ တောင်ကိုးရီးယား အမျိုးသမီး Ms Yang hee lee ဟာ အာရှတိုက်သူ တဦးဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အခြေအနေကို ပိုနားလည် သဘောပေါက်နိုင်မယ်လို့ ယူဆကြောင်း ဦးစိန်ဝင်းအောင်က ပြောပါတယ်။

Ms Yang hee lee ဟာ လူမျိုးရေး ဘာသာရေး ဆိုင်ရာ ပဋိပက္ခ တွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် နဲ့ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင် ပြည်နယ် တွေ ကို သွားဖို့ စီစဉ် ထားပါတယ်။

ဇူလိုင်လ ၂၆ ရက် အထိ ကြာမယ့် Ms Yang hee lee ရဲ့ ခရီးစဉ် တွေ့ရှိချက် တွေကို အစီရင်ခံစာ ရေးပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ် ။