ပါမောက္ခ ယန် ဟီလီ စစ်တွေမြို့ကို ရောက်ရှိ

  • 18 ဇူလိုင် 2014
Image caption သူ့ရဲ့ ခရီးစဉ်အတွင်း လူအများအပြားနဲ့ တွေ့ဆုံ စကားပြော ကြည့်ဖို့ စီစဉ်ထားတယ်လို့ ပါမောက္ခ ယန် ဟီလီ ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ပါမောက္ခ ယန် ဟီလီ ဟာ သောကြာနေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

ပါမောက္ခ ယန်ဟီလီဟာ စစ်တွေ အကျဉ်းထောင်ကို သွားရောက်ခဲ့သလို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီ တွေ့ဆုံ ဆွေးနွေးမှုဟာ အတော် ကောင်းမွန် အကျိုးရှိကြောင်း၊ အတူ ပူးပေါင်း ဆောင်ရွက်မှုတွေ ထပ်လုပ်နိုင်ရေး အတွက် နောက်ထပ် ဆွေးနွေးဖို့ ရှိကြောင်း ပါမောက္ခ ယန်ဟီလီက ဘီဘီစီကို ပြောပြပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင် မြင်ရအောင် လာခဲ့တာ ဖြစ်ပြီး သူ့ကိုယ်တိုင် အမြင်ကျယ်ကျယ်နဲ့ ဆုံးဖြတ်နိုင်ဖို့ အတွက် လူအများအပြားနဲ့ တွေ့ဆုံ စကားပြောကြည့်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဘောဒူဗ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပြီး အခြေအနေ အသေးစိတ်နဲ့ ပတ်သက်လို့တော့ ခရီးစဉ် ပြီးတဲ့ အချိန်ကျမှ ထုတ်ဖော် ပြောမယ်လို့ ဆိုပါတယ်။

သူဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့တုန်းကတော့ ရန်ကုန်မြို့မှာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အင်းစိန် အကျဉ်းထောင်ကိုလည်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း မှာ ကချင်ပြည်နယ်နဲ့ မန္တလေးမြို့တွေဆီကိုလည်း သွားရောက်ဖို့ အစီအစဉ် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ကြေညာချက်ထဲမှာ ထုတ်ပြန် ထားပါတယ်။

ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အောက်တိုဘာလမှာ ကျင်းပဖို့ ရှိတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။