အာဇာနည်နေ့အခမ်းအနားတွေ နိုင်ငံတဝန်းကျင်းပ

  • 19 ဇူလိုင် 2014
Martyrs Day
Image caption ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် အာဇာနည်နေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးခဲ့ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို နိုင်ငံအနှံ့ အောက်မေ့ဘွယ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်ရစ်သူမိသားစုဝင်တွေ လာရောက် ဂါရဝပြုခဲ့ပါတယ်။

နောက်ပြီး ဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း နဲ့ အထက်လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့လည်း တက်ရောက်ပါတယ်။

နေပြည်တော်မှာတော့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တချို့ဟာ သံဃာတွေကို လှူဒန်းပြီး အမျှဝေတာတွေ လုပ်ခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်တွေက ကျဆုံးတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာတော့ နေရာတချို့မှာ ကားဟွန်းရှည် တီးပြီးလည်း အောက်မေ့ခဲ့ကြပါတယ်။

မန္တလေးမြို့က အာဇာနည်နေ့ ချီတက် ဂုဏ်ပြုပွဲအခမ်းအနားကိုတော့ အာဏာပိုင်တွေက အစောပိုင်းက ဟန့်တားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခွင့်ပြုပေးခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင် ၉ဦး လုပ်ကြံခံရတဲ့နေရာ ဖြစ်တဲ့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး)ကိုလည်း နှစ်အတော်အကြာအတွင်း ပထမဆုံးအကြိမ် အဖြစ် ပြည်သူ အများအပြား လေ့လာကြည့်ရှုခွင့် ရခဲ့ပါတယ်။