ဆိုရှယ်လစ် လူ့ဘောင် ဘာလို့ ဝေးခဲ့ရသလဲ

  • 19 ဇူလိုင် 2014
martyr_day ဓာတ်ပုံ မူပိုင် Getty
Image caption အာဇာနည် ဗိမ္မာန်ကို ပြည်သူတွေ အလေးပြုခဲ့စဉ်က

ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ ၆၇ ကြိမ်မြောက် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ အခြား အာဇာနည်ကြီးများရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ နဲ့အတူ၊ အာဇာနည် ဗိမ္မာန်မှာ လွမ်းသူပန်းခွေ ချ ပြီးတဲ့နောက် ၊ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ရုံးချူပ်မှာ ပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ပြီး၊ နေ့လည် ၁ နာရီမှာ မိန့်ခွန်း ပြောကြား ပါလိမ့် မယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ရဲ့ မြို့နယ်ရုံးတွေမှာ လည်း မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ အာဇာနည်ကြီးများကို ရည်စူး အလေးပြုတဲ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားပြီး၊ အလှူအတန်းတွေ ပြုလုပ်ကာ၊ တက်ရောက် လာကြသူတွေကို လည်း ဧည့်ခံ ကျွေးမွေးကြမယ် လို့ သိရပါတယ်။

အာဇာနည်ဗိမ္မာန် ကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ အပါအဝင် အခြား နိုင်ငံရေး အင်အားစုတွေက လည်း သွားရောက် ပန်းခွေချ ဦးညွတ် ကြပါလိမ့် မယ်။

ဒီနှစ် အာဇာနည်နေ့ အခါသမယ မှာ၊ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချူပ်ဟောင်းလည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ နာယကအဖွဲ့ဝင်လည်း ဖြစ်တဲ့၊ ဦးတင်ဦးက၊ ဗိုလ်ချူပ်အောင်ဆန်း ရည်မှန်းခဲ့တဲ့ လူ အများစုကြီး သာယာဝပြောတဲ့ လူ့ဘောင်မျိုး မြန်မာနိုင်ငံ မှာ ပေါ်ပေါက်ဖို့ အလှမ်း ဝေးခဲ့ရတာ ဟာ၊ စစ်တပ်ရဲ့ နိုင်ငံရေးအရ စွက်ဖက်ခဲ့မှုက အဓိက တရားခံဖြစ်တယ် လို့ ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချူပ် ရည်မှန်းခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်တွေ ဖော်ဆောင်ဖို့ ရာ စစ်တပ်ရဲ့ အကြီးအကဲတွေက သူတို့ဖော်ဆောင် ပေးမှ ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့၊ တကယ်လည်း ဆိုရှယ်လစ်စံနစ်ရဲ့ အနှစ်သာရကို မဖော်ဆောင် နိုင်ခဲ့ပဲ၊ မြန်မာ့နည်း မြန်မာ့ဟန်ဆိုပြီး စခန်းသွားခဲ့တဲ့ အတွက် တိုင်းပြည် ချွတ်ခြုံကျခဲ့ရကြောင်း လည်း ဦးတင်ဦးက သုံးသပ်ပါတယ်။

တပ်မတော်ဟာ နိုင်ငံရေးနဲ့ ဘောဂဗေဒ ဆိုင်ရာ ကိစ္စတွေ မှာ အထူးလေ့ကျင့် သင်ကြားခံထားရသူတွေ မဟုတ်ပါပဲ နဲ့၊ အရာရာကို သူတို့ စွမ်းဆောင်နိုင်တယ် ဆိုတဲ့ ခံယူချက်မျိုး ရှိခဲ့တယ် ဆိုပြီး၊ ဦးတင်ဦးက သမိုင်းနီတိ ထုတ်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ