ပါမောက္ခယန်ဟီလီ ရခိုင်နဲ့ ကချင်ခရီးစဉ်

  • 22 ဇူလိုင် 2014
ethnic_kachin_women ဓာတ်ပုံ မူပိုင် AP
Image caption နေရပ်စွန့်ပြေး ကချင်အမျိုးသမီးများ

မြန်မာ့ လူ့အခွင့်အရေး အခြေအနေ လေ့လာဖို့ ရောက်ရှိလာတဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် ပါမောက္ခ ယန်ဟီလီ ဟာ မနေ့က ကချင်ပြည်နယ်ကို ရောက်ရှိ လာပါတယ်။ သူ့ရဲ့ ခရီးစဉ် အတွင်း ရခိုင် ပြည်နယ် အခြေအနေ ကို သွားရောက် လေ့လာခဲ့သလို မြစ်ကြီးနား မှာလဲ ပြည်နယ် ဝန်ကြီးချုပ် နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ပါမောက္ခ ယန်ဟီလီ ရဲ့ ပထမဆုံး မြန်မာ ပြည် ခရီးစဉ် အတွင်း စစ်တွေနဲ့ မောင်တော ဒေသ တွေကို သွားရောက် စစ်ဆေး ခဲ့သလို ရန်ကုန်မှာလဲ ရခိုင် ပြည်နယ် အတွက် ကူညီ ထောက်ပံ့ နေတဲ့ အဖွဲ့ တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီအထဲက ရခိုင်မြေ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ က၊ သူတို့နဲ့ ယန်ဟီလီး တွေ့ဆုံ ဆွေးနွေးခဲ့ပုံ တွေ ကို ဘီဘီစီ ကို ပြောရာမှာ၊ ရခိုင်ပြည်နယ် ရှိ အစ္စလာမ် ဘာသာဝင် တွေ ဟာ၊ ၂၀၁၂ ခုနှစ် မှာ အဆိုးဝါးဆုံး အတွေ့အကြုံ တွေ ခံစားခဲ့ ရကြောင်း ရယ်၊ ၁၉၈၂ ခု ဥပဒေ ဟာ မြန်မာနိုင်ငံတွင်း တရားမဝင်၊ ဝင်လာသူအားလုံး နဲ့ အကျုံးဝင်ပေမယ့်၊ အစ္စလာမ် ဘာသာဝင် တွေ ကို ခေတ် စနစ် အရ၊ အစိုးရ က အကောင် အထည် ဖေါ်နေ တာတွေ ပါဝင်ကြောင်း ပြောပါတယ်။

ကချင် ပြည်နယ် ဝန်ကြီးချုပ် နဲ့ တွေ့ဆုံရာမှာတော့ သူ သိလိုတဲ့ အချက် တွေကို ပြည့်စုံအောင် ဖြေကြား ခဲ့တယ်လို့ ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း က ဘီဘီစီ ကို ပြောပါတယ်။ လက်လှမ်းမီတဲ့ ကချင် ဒုက္ခသည် စခန်းတွေ က လူတွေ ကို ကျန်းမာရေး၊ ပညာရေး တာဝန်ယူပေးနေတဲ့ အကြောင်း၊ လူ့အခွင့် အရေး ချိုးဖေါက် ခံနေရတယ် ဆိုတဲ့ နေရာ တွေ ကတော့၊ အစိုးရ နဲ့ လက်လှမ်း မမီတဲ့ နယ်စပ်ဒေသ၊ ကေအိုင်အေ နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေ ဖြစ်ကြောင်း၊ ပါမောက္ခ ယန်ဟီလီ ကို ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန် ငန်ဆိုင်း က ရှင်းပြတယ် လို့ ဆိုပါတယ်။

ဒီကနေ့ မစ္စ ယန်ဟီးလီ ဟာ၊ ဗန်းမော် မြို့နယ်က ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။