ဘင်္ဂလားဒေ့ရှ် စီးပွားရေးပညာရှင် ပါမောက္ခယူနွတ်စ်နဲ့ ဘီဘီစီ မေးမြန်းခန်း

  • 22 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အသေးစား ငွေချေးလုပ်ငန်းတွေ တည်ထောင်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ဆွတ်ခူးခဲ့သူ ပါမောက္ခ ယူနွတ်စ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အသေးစား ငွေချေး လုပ်ငန်းတွေ တည်ထောင်ပြီး ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ယူခဲ့တဲ့ စီးပွားရေး ပညာရှင် ပါမောက္ခ မိုဟာမက် ယူနွတ်စ် ရန်ကုန်မြို့မှာ ရောက်ရှိနေပါတယ်။

ဗြိတိသျှ ကောင်စီ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ မစ္စတာ ယူနွတ်စ်ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံ ခဲ့ပါတယ်။

ပါမောက္ခ ယူနွတ်စ်နဲ့ ဘီဘီစီ သီးသန့် တွေ့ဆုံခွင့် ရခဲ့ရာမှာ မစ္စတာ ယူနွတ်စ်က မြန်မာ့ စီးပွားရေး အနာဂတ် အတွက် သူ့ရဲ့ ထင်မြင် ယူဆချက်တွေကို ပြောပြ သွားခဲ့ပါတယ်။

တနိုင်ငံနဲ့ တနိုင်ငံ တံခါးပိတ် ထားပြီး သံသယတွေ ဝင်နေကြရင် အကြောက်တရား ဝင်နေကြမှာ ဖြစ်ကြောင်းနဲ့ ဆင်းရဲ မွဲတေမှု လျှော့ချရေး အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား တနိုင်ငံနဲ့ တနိုင်ငံ အကြံဉာဏ်တွေ အတွေ့အကြုံတွေ ဖလှယ် နိုင်ကြကြောင်း မစ္စတာ ယူနွတ်စ်က ပြောပါတယ်။

မြန်မာပြည် အသွင် ကူးပြောင်းရေးမှာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် ဒီမိုကရေစီနဲ့ လွတ်လပ်မှုက အရေးကြီးကြောင်းနဲ့ တိုင်းပြည်မှာ မိုးပေါ်က ကျလာတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ပေါ်ထွန်းလာတာက တကယ်တမ်း အများစု အတွက် အကျိုး မပြုပဲ လွတ်လပ်စွာ ရွေးချယ် လုပ်ကိုင်ခွင့် ရှိတဲ့ လုပ်ငန်းမျိုးတွေ၊ လူမှု ဖွံ့ဖြိုးမှု အတွက် အရေးပါတဲ့ စီးပွားရေး တွေ ရှင်သန် ကြီးထွားလာဖို့က အဓိကကျကြောင်း သူက ပြောပါတယ်။

တခါ ပြည်ပက ဝင်လာတဲ့ လုပ်ငန်းတွေဟာ သူတို့ အတွက် ငွေဝင်ပြီး ပြန်သယ့်ယူ သွားမယ့် လုပ်ငန်းတွေ ချည်း မဖြစ်စေရပဲ ပြည်သူ တွေ အတွက် အကျိုးပြု လည်ပတ် နိုင်တဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေလဲ ပေါ်ပေါက်လာအောင် အားပေး ရမှာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ပါမောက္ခ မိုဟာမက် ယူနွတ်စ် က အကြံပြု ပြောသွားပါတယ်။