ဂျေယန် ဒုက္ခသည်စခန်း ရေကြီး မြေပြိုပြီး လူ၅ဦး သေ

  • 23 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဂျေယန် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်ပေါင်း ၈ထောင်လောက်ရှိ

ကချင်ပြည်နယ်မှာ ၃ရက်ကြာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ရေကြီး မြေပြိုမှုတွေကြောင့် အင်္ဂါနေ့မနက်က လိုင်ဇာမြို့နားမှာ ရှိတဲ့ ဂျေယန် ဒုက္ခသည်စခန်းက ဒုက္ခသည် ၅ဦး သေဆုံးခဲ့ ပါတယ်။

မြေပြိုကျမှုအတွင်း တောင်စောင်း အောက်ခြေမှာ နေထိုင်နေတဲ့ အိမ်ထောင်စု နှစ်ခုရဲ့ တဲအိမ်တွေ မြေဖုံးလွှမ်းသွားခဲ့အပြီး အခုလို သေဆုံးခဲ့တာလို့ KIO ဒုက္ခသည် ကယ်ဆယ်ရေး ကော်မီတီ ဥက္ကဌ ဦးဒွဲပီဇားက ဘီဘီစီကို ပြောပြပါတယ်။

အခုအခါ အဲဒီ နေရာမှာ နေအိမ်တွေ ပျက်စီးကုန်ပြီး ယာယီတဲတွေနဲ့ နေနေကြရတယ်လို့ ဆိုပါတယ်။

လမ်းတွေလည်း သွားလာလို့ မရတော့ပဲ အဆက်အသွယ်တွေ ပြတ်ကုန်တယ်လို့ သူက ပြောပါတယ်။

ဂျေယန် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်၈ထောင်လောက် ရှိနေပြီး KIO နဲ့ အစိုးရအကြား တိုက်ပွဲတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးလာကြရသူတွေ ဖြစ်ပါတယ်။