မြန်မာ သံတော်ဆင့် သတင်းထောက်တွေ ခေါ်မေးခံရ

  • 23 ဇူလိုင် 2014
Myanmar Herald Journal ဓာတ်ပုံ မူပိုင် myanmar herald
Image caption မြန်မာ အစိုးရကို ဝေဖန်တဲ့ သတင်းတွေ ဖော်ပြလေ့ရှိ

မြန်မာ သံတော်ဆင့် ဂျာနယ်က အယ်ဒီတာ ၃ ယောက်ကို ရဲ သတင်း တပ်ဖွဲ့က ဇူလိုင် ၂၃ ရက်နေ့က ခေါ်ယူ မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ ပါတယ်။

၄ နာရီကျော်ကြာ မေးမြန်းခံခဲ့ရာမှာ ဂျာနယ် တိုက်အတွက် ငွေကြေး ရရှိမှုနဲ့ အယ်ဒီတာချုပ် ရဲ့ နောက်ကြောင်းရာဇဝင် ကို မေးခဲ့တယ်လို့ အယ်ဒီတာ တစ်ယောက် ဖြစ်တဲ့ ဦးအောင်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်က သတင်းစာတွေ ဂျာနယ်တွေကို ငွေရေး ကြေးရေး ရေးနဲ့ ပတ်သက်လို့ ခေါ်ယူ မေးမြန်းတာ ရှိပေမဲ့ ဒီဂျာနယ်ကိုတော့ ထူးထူး ခြားခြား ဒုတိယ အကြိမ် ခေါ်ယူမေးမြန်းတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၃ ရက် မနက် ၁၀ နာရီ မှာ အောင်သပြေ ရဲဝင်းကို ခေါ်ယူစစ် ဖို့လာပါဆိုလို့ မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ်တွေ ဖြစ်တဲ့ ဦးဆန်းဝင်းထွန်းနဲ့ ပြင်ပ ဆက်ဆံရေး အယ်ဒီတာ ဦးအောင်ကိုကိုတို့ သွားခဲ့ကြ ရာမှာ အယ်ဒီတာချုပ် တစ်ယောက်တည်းကို သီးခြား စစ်မေး ခဲ့ပြီး ကျန်အယ်ဒီတာ အဖွဲ့ဝင်တွေ ကိုတော့ စစ်မေးတာ မလုပ် ခဲ့ဘူးလို့ သူတို့က ပြောပါတယ်။

မြန်မာ သံတော်ဆင့် ဂျာနယ်ဟာ အစိုးရ အဖွဲဝင် တချို့ အကြောင်း ဖော်ထုတ် ဝေဖန် ရေးသားတာ တွေကြောင့် လူသိများတဲ့ ဂျာနယ် တစ်စောင် ဖြစ်လာ သလို တဖက်ကလည်း သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ရဲ့သား ထုတ်ဝေတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့တဲ့ ဂျာနယ်လည်း ဖြစ်ပါတယ်။

ဦးဆန်းဆင့် အဖမ်း ခံရပြီး နောက်ပိုင်းမှာလည်း ဦးဆန်းဆင့် နဲ့ပက်သက်တဲ့ သတင်းတွေကို အလေးပေး ဖော် ပြတာလည်း တွေ့ရပါတယ်။

ဒါပေမဲ့ သူတို့ ဂျာနယ်ဟာ ဦးဆန်းဆင့် မပတ်သက်ကြောင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ထွန်းလင်းက ပြောပါတယ်။

၂၀၁၃ ခုနှစ်တုန်းက ဦးဆန်းဆင့် ကိုယ်တိုင်ကလည်း ဂျာနယ်နဲ့ သူ ပတ်သက်မှု မရှိကြောင်း သတင်း မီဒီယာတွေကို ရှင်းလင်း ပြောပြခဲ့ပြီး ဖြစ်တယ်လို့ လည်းသူက ပြောပါတယ်။

သတင်းသမားတွေကို ရဲတပ်ဖွဲ့က ကြိုတင် အကြောင်းမကြားဘဲ ခေါ် ယူမေးမြန်း တာတွေ မလုပ်ဖို့ ပြီးခဲ့တဲ ရက်ပိုင်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ပြည်ထဲ ရေးဝန်ကြီး ဌာနကို တင်ပြထားပါ တယ်။

ဇူလိုင် ၂၂ ရက်နေ့ ညနေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သံတော်ဆင့် ဂျာနယ်တိုက်ဆီ ဖိတ်စာပို့ ခေါ်ယူ ခဲ့တာဖြစ်ပြီး ဘာအကြောင်းကြောင့် ခုလို ခေါ်ယူတွေ့ဆုံရလဲ ဆိုတာဖိတ်စာမှာ ဖော်ပြမထားပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ