လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ရောက်ရှိ

  • 23 ဇူလိုင် 2014
Image caption မန္တလေးတိုင်း အစိုးရနဲ့ တွေ့ခဲ့ သလို မန္တလေး ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး ကော်မတီဝင် တွေနဲ့ တွေ့ဆုံ

မြန်မာ နိုင်ငံကို ၁၀ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိ နေတဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီးဟာ ဗုဒ္ဓဟူး နေ့မှာ မန္တလေးကို ရောက်ရှိခဲ့ ပါတယ်။

အဲဒီနေ့ မနက်မှာ မန္တလေး ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာ တချို့နဲ့ ဖျက်ဆီး ခံရတဲ့ ဗလီတွေ ကို လိုက်ကြည့်ခဲ့ ပါတယ်။ အဲဒီနောက် အပျက် အစီး များ ခဲ့တဲ့ ကြာနီကန် သုဿန်က အစ္စလာမ် သင်္ချိင်း အတွင်းက အဆောက် အဦးတွေကို လည်း သွားကြည့်ခဲ့ ပါတယ်။

မွန်းလွဲပိုင်း မှာတော့ မန္တလေးတိုင်း အစိုးရ အဖွဲ့နဲ့ တွေ့ခဲ့ သလို ပဋိပက္ခ ဖြစ်စဉ် အတွင်း ဖွဲ့စည်း ခဲ့တဲ့ မန္တလေး ငြိမ်းချမ်းမှု ထိမ်းသိမ်းရေး ကော်မတီ ရုံးခန်းမှာ ကော်မတီဝင် တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံ ပွဲမှာ တော့ မန္တလေး ဖြစ်စဉ် အသေးစိတ်ကို မစ္စစ် ယန်ဟီးလီးကို ရှင်းပြ လိုက်တဲ့ အကြောင်း တွေ့ဆုံတဲ့ အထဲမှာ ပါတဲ့ ငြိမ်းချမ်းမှု ထိမ်းသိမ်း ရေး ကော်မတီရဲ့ ဥပဒေ အကြံပေး တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လို့ အသေးစိတ် ဘာတွေ တင်ပြခဲ့တယ် ဆိုတာ ကိုတော့ သတင်း မထုတ်ပြန်ဖို့ သဘောတူ ခဲ့ကြ တယ်လို့ သူက ပြောပါတယ်။

မန္တလေးကို မလာခင် မြစ်ကြီးနားမှာ တုန်းကတော့ မစ္စစ် ယန်ဟီးလီးဟာ မြစ်ကြီးနား ထောင်ကို သွားခဲ့သလို၊ ရှမ်းရေရာ အဖွဲ့တွေ နဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ ရန်ကုန် ကုလသမဂ္ဂ ရုံးခွဲရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။

မစ္စစ် ယန်ဟီးလီးနဲ့ အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ တော့ နေပြည်တော်ကို ထွက်သွားပြီး၊ နောက်ရက်တွေမှာ အစိုးရ အဖွဲ့နဲ့ တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ မှာတော့ သူ့ခရီးစဉ် ပြီးမှာ ဖြစ်ပြီး ခရီးစဉ် ပြီးရင်တော့ ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ရှင်းပြ သွားမယ်လို့ သိရပါတယ်။

သူဟာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားရဲ့ နေရာမှာ တာဝန် ထမ်းတာ ဖြစ်ပြီး၊ ဒီခရီးစဉ်ဟာလည်း သူ့ရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ