NCCT ခေါင်းဆောင်တွေ လိုင်ဇာမှာ ဆွေးနွေးမှုတွေ ပြန်စမယ်

  • 24 ဇူလိုင် 2014
Image caption ပထမအကြိမ် လိုင်ဇာ ညီလာခံတုန်းက ဘုံသဘောတူချက် လက်မှတ်ရေးထိုးနိုင်ခဲ့

NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းဆောင်ရွက်ရေး ကိုယ်စားလှယ် ခေါင်းဆောင်တွေ ဒီကနေ့ ဇူလိုင်လ ၂၄ရက်နေ့မှာ လိုင်ဇာမှာ စတင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ပေါ်မှာ ပါဝင်ဖို့ကို တစည်းတလုံးတည်း သဘောတူနိုင်မယ်၊ အပစ်ရပ်ရေး စာချုပ် ချုပ်ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လုပ်သွားရေး သဘောတူမှုတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စုစည်း အင်အားနဲ့ စုစည်း သဘောထားကို ရယူပြီး အနာဂတ်တိုင်းပြည်ကို ဘယ်လို ပုံဖော်သွားမလဲ ဆိုတာကို ချမှတ်သွားမှာ ဖြစ်ကြောင်းနဲ့ အပစ်ရပ်ပြီး နောက်ပိုင်း ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ် တွေကို ချမှတ်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ ဝေါဟာရပိုင်း ဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပေမယ့် တကယ်တမ်း မှာ အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်အပိုင်းနဲ့ နောက်ဆက်တွဲ က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NCCT ရဲ့ ထိပ်သီး ညီလာခံကို KIA ကချင် လွတ်မြောက်ရေးအဖွဲ့ရဲ့ ဌာနချုပ် ရှိရာ လိုင်ဇာမှာ ၃ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် လိုင်ဇာ ညီလာခံ ဖြစ်ပါတယ်။