ပြည်သူ့လွှတ်တော်မှာ PR စနစ် ဆွေးနွေးဖို့ ထောက်ခံသူပိုများ

  • 24 ဇူလိုင် 2014
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption PR စနစ်ကို ဆွေးနွေးဖို့ ပြည်သူ့ လွှတ်တော် ဆုံးဖြတ်

ဇူလိုင်လ ၂၄ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အန်ဒီအက်ဖ်ပါတီရဲ့ ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဇင်က လာမယ့် ရွေးကောက်ပွဲတွေမှာ ပီအာခေါ် အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးဖို့ တင်သွင်းတဲ့ အဆိုကို ထောက်ခံသူ ပိုများတဲ့အတွက် ဆက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ဆုံးဖြတ်လိုက် ပါတယ်။

ဒီအဆိုကို ထောက်ခံမဲ သုံးရာကျော်နဲ့ ကန့်ကွက်မဲ ၄၅ မဲ ရှိခဲ့ ပါတယ်။ ကန့်ကွက်သူတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ PR စနစ်ကျင့်သုံးဖို့ စောသေးတယ်၊ ဒီစနစ်က မဲဆန္ဒရှင်တွေ ဘယ်လို မဲပေးရမယ်ဆိုတာ နားလည်ဖို့ ခက်ခဲတယ်တယ်လို့ ပြောဆိုမှုတွေ ရှိပေမဲ့ အဆိုရှင် ဦးအောင်ဇင်က တော့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက တရားမျှတမှု မရှိခဲ့ ပေမဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲက မျှတတယ်၊ ပြည်သူတွေလည်း မဲပေးတတ်ပြီ၊ ဒါကြောင့် ပီအာစနစ် ကျင့်သုံးဖို့ တင်သွင်းရတယလို့ ပြောပါတယ်။

PR စနစ်တွေ အမျိုးမျိုး ရှိပေမဲ့ မြန်မာ နိုင်ငံ အတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး စနစ်ကိုပဲ ကျင့်သုံးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မဲဆန္ဒနယ် သတ်မှတ်ရာမှာ အခက်အခဲတွေ ရှိနေတဲ့ ပြည်နယ်တွေမှာ PR စနစ်ကို မသုံးဘဲ တိုင်းဒေသကြီးတွေမှာသာ သုံးဖို့ အဆိုမှာ ခွဲခြား တင်သွင်းထားတယ်လို့ ဦးအောင်ဇင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူ ၄၅ယောက်ထဲမှာ ပါတဲ့ အန်အယ်လ်ဒီ ပုသိမ် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ ဦးအောင်ဇင်ပြောတဲ့ တိုင်းဒေသကြီး တမျိုး ပြည်နယ် တမျိုးလုပ်တဲ့ ရွေးကောက်ပွဲစနစ်ဟာ မဖြစ်သင့် ဘူးလို့ ပြောပါတယ်။

ဘယ်လို စနစ်မျိုးကိုပဲ သုံးသုံး ဒီမိုကရေစီကို လိုလားတဲ့ ဦးဆောင်ပါတီ ရှိမှ နိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နိုင်မှာ ဖြစ်တယ်၊ ဒီစနစ်ကို သုံးခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲသွား နိုင်ပြီး အာဏာရှင် စနစ်ကို ပြန်ရောက်သွားမှာ စိုးရိမ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

အခု တင်သွင်းတဲ့ PR စနစ်ကို ကန့်ကွက်တဲ့အနေနဲ့ တိုင်းရင်းသား လွှတ်တော်အမတ် ၆၀ ကျော်က လွှတ်တော်ကနေ ခွင့်ယူပြီး မတက်ရောက်ခဲ့ဘူး လို့လည်း လွှတ်တော်အမတ်တွေကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ