ဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်

  • 25 ဇူလိုင် 2014
_undp_logo_
Image caption ကုလသမဂ္ဂ UNDP အဖွဲ့ အမှတ်တံဆိပ်

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ ၂ဝ၁၄- ခုနှစ် လူသား ဖွံ့ဖြိုးရေး အစီရင်ခံစာ မှာ မြန်မာနိုင်ငံ က ၁၈၇ နိုင်ငံ အနက် နံပါတ် ၁၅ဝ ချိတ်ပြီး ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ စာရင်းမှာ ပါနေပါတယ်။

မြန်မာနိုင်ငံ မှာ လူဦးရေရဲ့ ၂၅% ကနေ ၃ ပုံ ၁ပုံ လောက် အထိ၊ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး ဆင်းရဲ မွဲတေမှု လိုင်းရဲ့ အောက်မှာကို ကျရောက်နေပြီး၊ လူဦးရေ စုစုပေါင်းရဲ့ ၈၀ % လောက် အထိ အဆိုပါ ဆင်းရဲ မွဲတေမှု လိုင်း အပေါ်မှာ ရှိမနေ နိုင်ကြဘူး ဆိုပြီး အစီရင်ခံစာ မှာ ရေးသားထားပါတယ်။

ဒါ့အပြင်၊ သဘာဝ ဘေး အန္တရာယ်တွေ ကျရောက်တဲ့ အခါမှာ ဖြစ်စေ၊ စီးပွားရေး မတည်မငြိမ် ကြုံတွေ့လာရသည် ဖြစ်စေ၊ လူ့အဖွဲ့ အစည်းတွင်း အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်လာသည် ဖြစ်စေ၊ စတဲ့ အခါများမှာ၊ ကျန်တဲ့ အိမ်ထောင်စုတွေထဲက အများစုဟာလည်း ဆင်းရဲ မွဲတေမှု လိုင်းကို အလွယ်တကူ ကျရောက် သွားနိုင်တဲ့ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမှာ နေနေရသူတွေ ဖြစ်တယ်လို့ လည်း အစီရင်ခံစာ က ဆိုပါတယ်။

တိုင်းပြည်ရဲ့ စစ် အသုံးစားရိတ် ကြီးမြင့်ပြီး၊ ကျန် ကျန်းမာရေး ပညာရေး ကဏ္ဍတွေမှာ ဖြည့်စည်းမှု အားနည်းရခြင်းက ဒီလို ဖွံ့ဖြိုးမှု နှေးကွေးရခြင်း နဲ့ ဆင်းရဲတွင်း နစ်နေရတဲ့ အကြောင်းတွေထဲမှာ ပါတယ် ဆိုပြီး ရန်ကုန်မြို့ လောက အလင်း လူမှု ကူညီရေး အဖွဲ့က ကို ထွန်းလင်းဦး က သုံးသပ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဖော်ဆောင်နေပေမယ့်၊ အပြောင်းအလဲတွေဟာ လူဦးရေရဲ့ ရာခိုင်နှုန်း အများစု ဖြစ်တဲ့ လယ်ယာလုပ်ကိုင် နေကြတဲ့ တောင် သူတွေ အပေါ် အကျိုး မသက်ရောက် သ၍တော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှု အားနည်းနေရဦးမယ် လို့လည်း ကို ထွန်းလင်းဦး က ဆိုပါတယ်။

တိုင်းပြည်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမား နေချိန်မှာ၊ အခြေခံ လူတန်းစားကို ကိုယ်စားပြုတဲ့ နိုင်ငံရေး အင်အားစုတွေ အားကောင်းဖို့ လိုအပ်ပါတယ် ဆိုပြီးတော့လည်း ကို ထွန်းလင်းဦး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ