ယာမြေတွေကို သစ်တောကြိုးဝိုင်း သတ်မှတ်

  • 26 ဇူလိုင် 2014
_tasmanian_forest
Image caption သစ်တောကြိုးဝိုင်း

မကွေးတိုင်း ဆင်ပေါင်ဝဲ မြို့နယ်မှာ ရှိတဲ့၊ ယာစိုက်ပျိုး မြေဧက ၂သောင်းကျော် ကို ပြည်ထောင်စု သစ်တော ကြိုးဝိုင်း အဖြစ် သတ်မှတ် လိုက်တာကြောင့်၊ အစဉ်အဆက် စိုက်ပျိုးနေတဲ့ တောင်သူ ၁ထောင် ကျော်ဟာ သူတို့ရဲ့ ယာမြေတွေကို လက်လွှတ် ဆုံးရှုံး ရတော့မယ့် အရေးကို ကန့်ကွက်တဲ့ အနေနဲ့၊ ဇူလိုင် ၂၅ ရက် က ဆင်ပေါင်ဝဲမြို့ ပေါ်မှာ ဆန္ဒပြ ခဲ့ကြပါတယ်။

ဆင်ပေါင်ဝဲ မြို့နယ် အရှေ့ခြမ်း ငှက်ပျောကျင်း၊ ကံချောင်း စတဲ့ ရွာ ၁၁ ရွာက ယာမြေ အားလုံးနီးပါး ကို သစ်တော ကြိုးဝိုင်းအဖြစ် သတ်မှတ်တဲ့ အကြောင်း၊ သစ်တောဦးစီးဌာန ကနေ တောင်သူတွေကို ခေါ်ပြောတယ် ဆိုပြီး ငှက်ပျောကျင်းရွာသား ကိုထွန်းထွန်းအောင် က ပြောပါတယ်။

ဒေသခံ တောင်သူတွေ ဟာ ဒီ ယာမြေတွေ ကို ဘိုးဘွားတွေ လက်ထက် ကတည်းက တရားဝင် မြေခွန်ဆောင်ပြီး လုပ်ကိုင်လာတာ ဖြစ်လို့၊ လက်လွှတ် ဆုံးရှုံး မခံနိုင် ဖြစ်နေကြတယ် လို့ သိရပါတယ်။

အခုအခါ၊ တချို့ ယာမြေတွေ မှာ သစ်တော ကြိုးဝိုင်း အဖြစ်၊ သတ်မှတ် သစ်ပင်တွေ စိုက်ပျိုးထားနှင့် နေပြီး ဖြစ်ကာ၊ ဒီ အပင်တွေကြားမှာ တောင်သူတွေ အနေနဲ့ ယာစိုက်ပျိုး နိုင်ပါတယ် လို့ အစိုးရ သစ်တောဌာန က ဆိုပေမယ့်၊ လက်တွေ့မှာ ရေရှည် စိုက်ပျိုးဖို့ရာ မဖြစ်နိုင်ဘူး လို့ ကိုထွန်းထွန်းအောင် က ပြောပါတယ်။

ဒီလို လက်ငုပ် ယာခင်းတွေကိုသာ ဆုံးရှုံးရမယ် ဆိုရင်၊ ကိုယ့် ရပ်ရွာမှာ ကိုယ် အခြေချ ရပ်တည်ဖို့က အစ၊ အခက်အခဲ ဖြစ်လာမယ် လို့လည်း ဆိုပါတယ်။ ဒေသခံတွေ ရဲ့ ဆန္ဒကတော့ လျော်ကြေး တောင်းဆို နေကြတာ မဟုတ်ပဲ၊ ဒီလို သူတို့ယာမြေတွေ ကို သိမ်းပြီး သစ်တောကြိုးဝိုင်း သတ်မှတ်တဲ့ စီမံကိန်း ကို လုံးဝ ဖျက်သိမ်း စေလိုတာ ဖြစ်တယ် လို့ သိရပါတယ်။

ပတ်ဝန်းကျင် ထိမ်းသိမ်းရေး နဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ကတော့၊ တောင်သူတွေ ထင်သလို မြေခွန်ဆောင်တာကို ပိုင်ဆိုင်မှု အဖြစ် သတ်မှတ်လို့ မရကြောင်း ပြောပါတယ်။

အစိုးရ သစ်တောဌာန အနေနဲ့၊ ၂၀၁၃ ခုနှစ် ကတည်းက၊ အပြီး ကောက်ယူထားခဲ့တဲ့ စာရင်းတွေ အရ၊ ဘယ်မြေတွေဟာ လယ်ယာမြေ သာသနာပိုင်မြေ အများပိုင်မြေ စသဖြင့် ခွဲခြားပြီး၊ သစ်တောမြေတွေ အဖြစ် ကနေ ပယ်ဖျက် ပေးထားခဲ့တယ် လို့ အဲဒီ့ ဒုညွှန်ချူပ်ကပဲ ဘီဘီစီကို ပြောပါတယ်။

အခြေတကျ မဟုတ်တဲ့ ရွှေ့ပြောင်း တောင်ယာတွေ နေရာမှာတော့၊ သစ်တောဌာနက Community Forestry လို့ ခေါ်တဲ့၊ ဌာနေတွေကိုယ်တိုင် သူတို့ စိုက်ပျိုးရာ သီးနှံတွေနဲ့ သစ်တော သစ်ပင်တွေကို ရောနှော ထိမ်းသိမ်းတဲ့ စီမံကိန်း ချမှတ်နေတယ် ဆိုပြီးတော့လည်း ဆိုပါတယ်။

ဒီလို စီမံကိန်းမှာ ဆိုရင်၊ ဌာနေတွေဟာ ယာထွက် သီးနှံတွေကို သာမက၊ ဒီ သစ်ပင်တွေကိုပါ ပိုင်ဆိုင်တယ်လို့ သတ်မှတ်တဲ့ အပြင်၊ မြေကြီးကို အနှစ် ၃၀ အခွန် ပေး စရာ မလိုပဲ၊ အစိုးရ သစ်တောဌာနက ငှားရမ်းပေးတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် သစ်တောမြေ အဖြစ်ကနေတော့ ပယ်ဖျက် မပေးပါဘူး။

အခု ဆင်ပေါင်ဝဲမြို့နယ် အရေးမှာတော့၊ ဒေသခံ တောင်သူတွေဟာ သူတို့ မြေတွေ ဆုံးရှုံးရပြီလို့ သတ်မှတ်ထားပြီး၊ သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ကို တင်ပြ တိုင်တန်းထားတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ