သမ္မတ ပြည်ပ ပညာတော်သင်ဆု ကြေညာ

  • 27 ဇူလိုင် 2014
oxford student
Image caption ပြည်ပ ပညာတော်သင်ဆု တွေ ပြန်ပေးမယ်

မြန်မာ သမ္မတ ဦးသိန်းစိန်က လူငယ်တွေ အတွက် ပြည်ပ ဘွဲ့လွန်နဲ့ ဘွဲ့ကြိုတန်း ပညာတော်သင်ဆု တွေ ပေးတော့မယ်လို့ ကြေညာ လိုက်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅ဝ ကျော် အတွင်း အစိုးရ ဝန်ထမ်း မဟုတ်သူတွေ အတွက်ပါ ရည်ရွယ် ပေးအပ်မယ့် ပညာသင်ဆု မျိုးလဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခေတ်မီ တိုးတက်ဖို့ ကျောင်းသား လူငယ်တွေ အတွက် နိုင်ငံတကာ ပညာသင်ဆုတွေ လိုအပ် သလို အခြေခံ ပညာရေး ကစပြီး ပြုပြင် သွားဖို့ လိုတယ်လို့ သပြေ ပညာရေး ဖောင်ဒေးရှင်းက စီမံခန့်ခွဲရေးမှူး ကို စော မျိုးမင်းသူက ပြောပါတယ်။

ကွန်ပျူတာ၊ စက်မှု နည်းပညာနဲ့ အဆောက်အအုံ တည်ဆောက်ရေး လို နည်းပညာ တွေမှာ ခေတ်မီ နည်းစနစ် တွေနဲ့ သင်ကြား ပေးမယ့် ကျောင်းတွေ ဖွင့်လှစ်ပြီး လူငယ်တွေကို သင်ကြား ပေးမှ အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးပွား လာမယ်လို့ ဆိုပါတယ်။

လောလောဆယ် အာရှ နိုင်ငံတွေမှာ ပညာသင်ကြားပြီး ပြန်လာတဲ့ မြန်မာ လူငယ် ရာနဲ့ချီ ရှိပေမယ့် သူတို့ကို အစိုးရ အလုပ်တွေမှာ ခန့်ထားတဲ့ အစီအစဉ်တွေ မရှိလို့ လူမှု ကူညီရေး အဖွဲ့ တွေနဲ့ ကုမ္ပဏီ လုပ်ငန်း တွေမှာပဲ ရောက်ရှိ သွားကြပါတယ်။

မြန်မာ လူငယ်တွေ အတွက် ရည်ရွယ်ပြီး ပြည်ပ ပညာသင်ဆု ပေးနေတဲ့ Prospect Burma နဲ့ Open Society လို အဖွဲ့အစည်း တချို့လဲ ရှိပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ၊ သြစတြေးလျ တိုင်းပြည် အစိုးရ တွေကလဲ ပညာသင်ဆု တွေ တိုးမြှင့် ခေါ်ယူ နေပါတယ်။

သမ္မတ ပညာတော်သင်ဆု လျှောက်လွှာတွေကို နီးစပ်ရာ တက္ကသိုလ် ကောလိပ် တွေမှာ ထုတ်ယူပြီး သြဂုတ်လကုန်မှာ နောက်ဆုံးထား တင်သွင်း ရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို ပွင့်လင်း မြင်သာစွာ ရွေးချယ် ထုတ်ပြန် သွားမှာ ဖြစ်ပြီး ပညာသင် ကာလထက် ၂ ဆကြာ အစိုးရ တာဝန်တွေ ပြန်ထမ်းဆောင်ရမယ်၊ ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ပညာသင်ကြေး ၃ ဆ ပေးလျော် ရမယ်လို့ ပါရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ