ထိုင်းမှာ ကျောင်းသားဗီဇာတွေ တင်းကြပ်နေ

  • 28 ဇူလိုင် 2014
_migrant_worker_thai ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ

ထိုင်းနိုင်ငံ မှာ စစ်အစိုးရ တက်ပြီးနောက် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား စတဲ့ အိမ်နီးချင်း နိုင်ငံတွေ က လာရောက် လုပ်ကိုင်နေ တဲ့ အလုပ်သမားတွေ ကို ကန့်သတ် စီစစ်မှုတွေ လုပ်နေသလို၊ ကျောင်းသား ဗီဇာတွေကို လည်း တော်တော်လေး တင်းကြပ် နေပါတယ်။

ကျောင်းသား ဗီဇာ တိုးတဲ့လူတွေ၊ အသစ် ဝင်ရောက် လာနေသူတွေ ကို၊ တက်မယ်လို့ ကိုယ် တင်ပြတဲ့ ကျောင်း တကယ် ရှိ မရှိ၊ သေချာ စုံစမ်းတဲ့ အပြင်၊ လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်စုံ တင်ပြဖို့ ထိုင်း အာဏာပိုင်တွေ က အလိုရှိနေပါတယ်။

ပြည်ပ အလုပ်သမားတွေ နဲ့ ပတ်သက် ပြီးတော့ လည်း၊ ထိုင်းစစ်တပ် အာဏာ သိမ်းကာစ အချိန်တုန်းက၊ တရားမဝင် လုပ်သားတွေ ကို ဖမ်းဆီး အရေးယူတာမျိုး တွေ လုပ်မယ် ဆိုပြီး၊ သတင်းတွေ ထွက်လာတဲ့ အတွက်၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ အကြား အတော်လေး ထိတ်လန့် ခဲ့ရပါသေး တယ်။

အခုတော့ ရောက်နှင့်ပြီး တရားမဝင် လုပ်သားတွေ ကို ၂ လ သက်တမ်း ရှိတဲ့ ပန်းရောင် နေထိုင်ခွင့် ကဒ်တွေ ထုတ်ပေးတာမျိုး လုပ်နေပေမယ့်၊ အသစ် ဝင်ရောက်လာ တဲ့ တရားမဝင် သမားတွေ အပေါ်တော့ ဖမ်းဆီးတာမျိုး လို၊ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတယ် လို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

ဒီကြားထဲက ပဲ၊ မြန်မာ နိုင်ငံဘက်က တရားဝင် အလုပ်အကိုင် ပွဲစားတွေက တဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာသူတွေ တစ်ရက်ကို ၂၀၀ ကနေ ၆၀၀ ကြား ရှိသလို၊ တရားမဝင် ဝင်ရောက်နေသူတွေလည်း တစ်ရက်ကို ရာဂဏန်းနဲ့ ချီ ရှိနေပါတယ် လို့ ဦးကျော်သောင်း က ဆိုပါတယ်။

လက်ရှိ ထိုင်း အစိုးရ လက်ထက်မှာ၊ အိမ်နီးချင်း နိုင်ငံတွေ အပေါ် လူဝင်မှု ဘယ်လောက် တင်းကြပ်သည် ဖြစ်စေ၊ ထိုင်းထက် ဖွံ့ဖြိုးမှု နောက်ကျတဲ့ နိုင်ငံတွေက ကျောင်းသား အလုပ်သမားတွေ ထိုင်း နိုင်ငံထဲ ဝင်လာနေဆဲ ဖြစ်ပြီး၊ ထိုင်းပြည်တွင်း လုပ်ငန်းတွေ မှာလည်း နိုင်ငံခြားသား လုပ်သားတွေ အပေါ် မှီခိုနေရဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ