NCCT ရဲ့ မူဝါဒ သဘောထားတွေ ချမှတ်နိုင်

laiza_conference
Image caption လိုင်ဇာ အစည်းအဝေး ပထမ တခါ ကျင်းပစဉ်

ကချင်လက်နက်ကိုင် အဖွဲ့ KIA ထိန်းချူပ်ရာ လိုင်ဇာမှာ တွေ့ဆုံနေကြတဲ့ NCCT အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ရဲ့ ဂျူလိုင် ၂၉ ရက် အစည်းဝေး ကနေ၊တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တွေ့ဆုံတဲ့ အခါ NCCT ဘက်က ကိုင်စွဲမယ့် မူဝါဒ ရေးရာတွေ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချခဲ့တယ် လို့ သိရပါတယ်။

ဒီမူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ နဲ့ ပတ်သက်ပြီး NCCT အဖွဲ့ဝင်တွေ ကို ပြန်လည် ရှင်းပြသွားမယ် လို့ NCCT ရဲ့ တွဲဘက် ခေါင်းဆောင် တစ်ဦးဖြစ် တဲ့ ကရင် လက်နက်ကိုင် KNU အဖွဲ့က ဖဒိုကွယ်ထူဝင်းက ပြောပါတယ်။

ဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းမှုးချူပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး မစ္စတာ နမ်းဘီးယား လို နိုင်ငံတကာ လေ့လာသူတွေ တက်ရောက်သလို၊ တရုတ်နိုင်ငံ ဘက်ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်ပြီး စောင့်ကြည့် လေ့လာခဲ့ပါ တယ်။

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ အကြား သုံးစွဲတဲ့ ဝေါဟာရ ပိုင်းဆိုင်ရာ ကွဲလွဲချက်တွေ ရှိနေတဲ့ အပေါ်မှာလည်း၊ ဒီမိုကရေစီရေး အမျိုးသား တန်းတူညီမျှရေး ကိုယ်ပိုင် ပြဌာန်းခွင့် စတဲ့ အရေးတွေမှာ တကယ်တမ်း လက်ခံ ကျင့်သုံးနိုင်ရင်၊ တော်လှန်ရေး လို၊ ဖက်ဒရယ် လို စကားလုံးတွေကို မသုံးစွဲရင်လည်း ဖြစ်တယ် ဆိုတဲ့ သဘောထားမျိုး တိုင်းရင်းသား အဖွဲ့တွေ အကြား နားလည်မှု ရယူထားတယ် လို့လည်း ဖဒို ကွယ်ထူးဝင်း က ဆိုပါတယ်။

NCCT အဖွဲ့ဝင်တွေ အကြား မတူတဲ့ သဘောထား အမြင်တွေ ဖလှယ်ပြီး၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ တွေ့တဲ့ အခါ ကိုင်စွဲမယ့် ဘုံ သဘောထား ရှိနေပြီလို့၊ ဖဒို ကွယ်ထူးဝင်းက ပြောပေမယ့်၊ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချူပ် လက်မှတ်ရေးထိုးတာကတော့ လာမယ့် ဩဂုတ်လ အတွင်း မဖြစ်နိုင် လောက်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဘယ်အချိန် ကာလမှာ ဖြစ်နိုင်မလဲ ဆိုတာကိုလည်း ခန့်မှန်း ပြောဆိုမှု မလုပ်ခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ