PR စနစ်အတည်ပြု မပြု မသေချာ

  • 29 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့လွှတ်တော်မှာ PR စနစ် အတည်ပြု မပြု အမြင်အမျိုးမျိုး ပေါ်ထွက်နေ

PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြု မဲစနစ်ကို လာမယ့် ရွေးကောက်ပွဲမှာ ကျင့်သုံးသင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့ ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ ကြပါတယ်။

ဒါပေမယ့် လွှတ်တော် ညီလာခံ အပြီးမှာ PR စနစ်ကို အတည်ပြု ဆုံးဖြတ်လိုက်ပြီလို့ လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောနေကြပြီး တချို့က အတည်မပြုရသေးဘူးလို့ ပြောနေကြတာမို့ လွှတ်တော် ကိုယ်စားလှယ်တွေအကြား ဝိဝါဒ အမျိုးမျိုး ကွဲနေကြပါတယ်။

PR စနစ်ကို ပြောင်းလဲ အသုံးပြုရေး အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဝင် ဦးအောင်ဇင်ရဲ့ အဆိုပြုချက်ကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

PR အကြောင်း ဆွေးနွေးမှု မပြီးပြတ်သေးခင်မှာပဲ PR သုံးသင့် မသုံးသင့်ကို ပြည်ထောင်စု လွှတ်တော် ကနေ ကော်မရှင် ဖွဲ့ပြီး ဆုံးဖြတ်မယ်လို့ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အဆိုပြုခဲ့ပြီး ထောက်ခံသလား၊ မထောက်ခံဘူးလား ဆိုတာကို သဘောထား တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မရှင်းလင်းတဲ့ အတွက် PR စနစ်ကို ထောက်ခံရ မှာလား၊ ကော်မရှင် ဖွဲ့ဖို့ ထောက်ခံရ မှာလားလို့ မေးရာမှာ ဦးရွှေမန်းက ကော်မရှင် ဖွဲ့ရေး မဖွဲ့ရေးလို့ ပြောတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ တခြား PR ဆန့်ကျင်သူတွေက မကန့်ကွက်ဘဲ သဘောတူခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မိတ္ထီလာမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

သူတို့ သဘောတူခဲ့တာဟာ ကော်မရှင် ဖွဲ့ရေးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ PR စနစ် အကြောင်းကို ဦးရွှေမန်းက ပြန်လည် ရှင်းလင်း ပြောပြပြီးနောက် ကန့်ကွက်သူ မရှိကြတဲ့ အတွက် အတည် ဖြစ်သွားပြီလို့ ပြောပါတယ်။