မဟာချိုင်မှာ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်ကြ

  • 30 ဇူလိုင် 2014
Fish
Image caption မဟာချိုင်က မြန်မာ အလုပ်သမားတွေ ငါး လုပ်ငန်းမှာ လုပ်သူများပြား

ထိုင်းနိုင်ငံမှာ အလုပ် လုပ်နေတဲ့ တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိသူတွေကို ရက် ၆၀ နေခွင့်ပြုတဲ့ ပန်းရောင် နေထိုင်ခွင့် ကတ်ပြား ထုတ်ပေးတဲ့ နောက်ဆုံးနေ့မှာ အလုပ်သမား ၆ ထောင်လောက် မဟာချိုင်မှာ လာရောက် မှတ်ပုံ တင်ခဲ့ကြ ပါတယ်။

အခုလို လက်မှတ်ထုတ်ပေးတဲ့ အတွက် ပုန်းလျှိုးကွယ်လျှိုး အလုပ်လုပ်နေကြရပြီး ထိုင်း အရာရှိတွေရဲ့ အနိုင်ကျင့်မှုခံကြရတဲ့ တရားမဝင် အလုပ်သမားတွေ အတွက်တော့ လောလောဆယ် အကျိုးရှိသွားမယ်၊ ရည်ရှည် အတွက်တော့ မပြောနိုင်ဘူးလို့ MAT ခေါ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အဖွဲ့က မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက ပြောပါတယ်။

တရားမဝင် အလုပ်သမား တွေကို မှတ်ပုံတင်တဲ့ လုပ်ငန်း အစီအစဉ်ကို ထိုင်း စစ်အစိုးရက လွန်ခဲ့တဲ့ ၂ လက စတင်ခဲ့တာပါ။

ကျန်းမာရေး၊ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် အတွက် ထိုင်း အစိုးရကို ဘတ်ငွေ ၁၃၀၅ ဘတ် အခွန်ဆောင်ပြီး မှတ်ပုံတင်ဖို့ တရားဝင် သတ်မှတ် ထားပေမဲ့ တကယ်တမ်းမှာ အလုပ်သမားကို ခေါ်ယူ အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်က တာဝန်ယူ လျှောက်ပေးရမယ့် ဥပဒေရှိနေလို့ အလုပ် မရှိတဲ့ အလုပ်သမားတွေ အဖို့ မှတ်ပုံတင်ခွင့် လျှောက်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မဟာချိုင်မှာ အလုပ်မရှိသူ၊ ဒါမှ မဟုတ် ပုံမှန် အလုပ်မရှိသူ မြန်မာ အလုပ်သမား ၃ သိန်းလောက်ရှိတယ်လို့ ကိုခိုင်ကြီးက ခန့်မှန်းပါတယ်။

အဒီလူတွေ အနေနဲ့ မှတ်ပုံတင်ခွင့်ရအောင် ထိုင်းအလုပ်ရှင်တွေ တောင်းသမျှ ပေးကျရတဲ့ အတွက် တချို့ဆို ဘတ်ငွေ ၄၅၀၀ လောက် အထိ ကုန်ကျတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အခု လက်မှတ်က နှစ်လသာ နေခွင့်ရှိမှာ ဖြစ်ပြီး အခုလို လက်မှတ်ထုတ်ပေးပြီးရင် နောက်တဆင့် ဘာလုပ်ပေးမယ်ဆိုတာကိုတော့ ထိုင်းအစိုးရက ထုတ်ပြန်ပြောတာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ