ရခိုင်ပြည်နယ် ဘာ့ကြောင့် မဖွံ့ဖြိုးရတာလဲ

  • 30 ဇူလိုင် 2014
_rakhine_sittwe_meeting
Image caption စစ်တွေကို ဗြိတိန် သံအမတ် အင်ဒရူး ပက်ထရစ်တို့ သွားခဲ့စဉ်

ရခိုင်ပြည်နယ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သွားရောက်ပြီး ရခိုင် လူမှု အသိုင်းအဝိုင်း နဲ့ တွေ့ဆုံခဲ့တဲ့ ဗြိတိသျှ သံအမတ် အင်ဒရူး ပက်ထရစ် ရဲ့ ဘီဘီစီ မြန်မာပိုင်းကို ပေးခဲ့တဲ့ အင်တာဗျူးထဲ မှာ၊ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာ တစ်ခုကို ကိုးကားပြီး၊ ရခိုင်ပြည်နယ် ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ဒေသကြီးတွေထဲ မှာ အဆင်းရဲဆုံး ပြည်နယ်တစ်ခု ဖြစ်တယ် ဆိုပြီး ပြောသွားပါတယ်။

လယ်ယာ စိုက်ပျိုးရေး ကဏ္ဍမှာ စနစ်တကျ စီမံခန့်ခွဲမှု အားပေးမှု နည်းပါးတဲ့ အပြင်၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိလာတာ ၆၆ နှစ်ရှိလာပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ရခိုင်ပြည်နယ်မှာ၊ အလုပ်သမား ၁၀ဝ ဝင်ရောက် လုပ်ကိုင် နိုင်လောက်အောင် ကြီးမားတဲ့ စက်ရုံ တစ်ရုံတောင် မရှိသေးပါဘူးလို့ ရခိုင်သားတွေကလည်း ပြောနေပါတယ်။

ဒါ့ကြောင့် အလုပ်လက်မဲ့ ပြဿနာဟာ ရခိုင်ပြည်နယ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပြီး၊ တစ်ဦးခြင်း ဝင်ငွေ အဆမတန် နည်းပါးလှတဲ့ ရခိုင်ပြည်က၊ လူငယ်လူကြီး မကျန် ကိုယ့် ပြည်နယ်ကို စွန့်ခွာပြီး တခြားဒေသတွေ မှာ အလုက်အကိုင် အခွင့်အလမ်း လိုက်လံ ရှာဖွေနေရပါ တယ်။

ဒီလို လူသား အရင်းအမြစ်တွေ ဆုံးရှုံး နေရတာက ရခိုင်ပြည်နယ် အတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်နေကြောင်း အလယ်တန်းပြဆရာ ဒီလိုင်းက မှတ်ချက်ချ သလို၊ ဒီ အလုပ်လက်မဲ့ ပြဿနာကို အရေးတကြီး သဘောထား ကိုင်တွယ် မ ဖြေရှင်းရင်၊ လာမယ် နှစ် အနည်းငယ် အတွင်းမှာ အခြေအနေတွေ ဟာ ပိုမို ဆိုးရွားလာလိမ့်မယ် ဆိုပြီး တော့လည်း ပြောပါတယ်။

သဘာဝ သံယဇာတတွေ ပေါကြွယ်ဝပြီး၊ ထွန်ယက် စိုက်ပျိုး နိုင်တဲ့ မြေဆီမြေနှစ် နဲ့ လယ်ယာ မြေကောင်းတွေ၊ သစ်တောကြီးတွေ၊ ပင်လယ်ပြင် ထွက်ပေါက်ကြီးတွေ ရှိပါလျှက် ရခိုင်ပြည်နယ် ဟာ သံယာဇာတ ခွဲဝေ ပိုင်ဆိုင်ခွင့်တွေ၊ ကိုယ်ပိုင် စီရင်ခွင့်တွေ မရှိတဲ့ အကြောင်းခံတွေကြောင့်၊ ပြည်နယ် တိုးတက်ရေး ကို အဟန့်အတား ဖြစ်စေတယ် ဆိုပြီး၊ လက်ရှိ ရခိုင် နိုင်ငံရေးလောက မှာ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးလှစောက ပြောပါတယ်။

ဒီပြဿနာတွေ အားလုံးဟာ ရခိုင်ပြည်ကို အစဉ်အဆက် အုပ်ချူပ်လာတဲ့ ဗဟို အစိုးရတွေမှာ တာဝန် ရှိပြီး၊ ရခိုင်သားတွေ ကို တန်းတူရည်တူ အခွင့်အရေး မပေးမှုကြောင့် ဖြစ်တယ်လို့ လည်း ဦးလှစောက ဝေဖန်ထားပါ တယ်။

ရခိုင်ပြည်နယ် ရဲ့ လူမှု စီးပွား ဘဝ မတည်ငြိမ် ရမှုတွေကနေ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေ လည်း ပေါ်ပေါက် လာရပြီး၊ နိုင်ငံရဲ့ ကျန် အစိတ်အပိုင်းတွေကို လည်း ကူးစက်ခဲ့ရတဲ့ အတွက်၊ ရခိုင်အရေး ကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ဦးတည်အောင် မကိုင်တွယ် နိုင်ခြင်းဟာ၊ နိုင်ငံတစ်ခုလုံး ရဲ့ တည်ငြိမ်မှု ရှိနိုင်ရေး အပေါ်ကိုပါ ရိုက်ခတ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ