ဦးဆန်းဆင့်ကို အာမခံ ပေးဖို့ ငြင်းပယ်

  • 30 ဇူလိုင် 2014
Image caption ယုံကြည်မှု အလွဲသုံးမှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု တွေနဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို တရားစွဲထား

နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရား ရင်ဆိုင်နေရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးရာမှာ အမှုကို အာမခံပေးဖို့ တရားခံ ရှေ့နေတွေဘက်က လျှောက်ထားတာကို တရားရုံးက ပယ်ချလိုက် ပါတယ်။

ဦးဆန်းဆင့်ကို စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလို လုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၉နဲ့ တရားစွဲထားသလို သတင်းတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ဦးခင်ဌေးက တရားလို လုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ ( က )နဲ့ တရားစွဲ ထားတာ ဖြစ်ကြောင်း၊ ကျန်းမာရေး အခြေအနေအရ ဦးဆန်းဆင့်ကို အချုပ်လွတ် စစ်ဆေးဖို့ အာမခံ လျှောက်တာကို တရားရုံးဘက်က ပယ်ချလိုက်ကြောင်း ဦးဆန်းဆင့်ဘက်ကနေ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ(၄)ဦး ထဲက တဦး ဖြစ်တဲ့ ရှေ့နေ ဦးတင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ရမည်းသင်း အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရုံးတင် စစ်ဆေးခဲ့စဉ်အတွင်း တရားလိုနဲ့ သက်သေ တွေကို တရားရုံးက အဓိကထား စစ်ဆေးခဲ့ပါတယ်။

အခု တရားခွင်ကို ဦးဆန်းဆင့်ရဲ့ မိသားစုဝင်တွေ လာရောက် နားထောင်ခွင့်ရခဲ့ပြီး လာမယ့် သြဂုတ်လ(၆)ရက်နေ့မှာ အမှုအတွက် ရုံးချိန်းထပ်မံ ပေးခဲ့ပါတယ်။

ဦးဆန်းဆင့်ဟာ ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက်နေ့ကတည်းက သာသနာရေး ဝန်ကြီး ရာထူးကနေ တာဝန်ရပ်စဲ ခံခဲ့ရပြီးတဲ့နောက် ယုံကြည်မှု အလွဲသုံးစားမှု နဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အာဏာပိုင်တွေဘက်က စွဲချက်တင်ထားတာ ဖြစ်ပါတယ်။