မီဒီယာ ပြဿနာ စာနယ်ဇင်း ကောင်စီနဲ့ အရင် ညှိခွင့်ပေးမယ်

Journalists from Unity Journal were sentenced for 10 years/
Image caption ယူနတီ ဂျာနယ် သတင်းထောက်တွေ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံခဲ့ရ

သတင်း မီဒီယာနဲ့ ပတ်သက်တဲ့ ပြဿနာ ပေါ်လာရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း တွေက စာနယ်ဇင်း ကောင်စီကို ကြားခံ အနေနဲ့ ဦးစွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက် စေမယ်လို့ စာနယ်ဇင်း ကောင်စီ နဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

၂၀၁၄ ခုနှစ် အတွင်း သတင်း သမားတွေ သတင်းရယူရာမှာ အခက်အခဲတွေ ဖမ်းဆီး အရေးယူခံရတာတွေ များတဲ့ အတွက် မီဒီယာနဲ့ အစိုးရကြားမှာ သံသယတွေ မပွားဘဲ နားလည်မှု ရှိအောင် လုပ်ဆောင်ဖို့ စာနယ်ဇင်း ကောင်စီက သမ္မတကို သွားရောက် တွေ့ဆုံရာမှာ သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

အချက်အလက် အတော် များများကို ဆွေးနွေးခဲ့ကြရာမှာ အဓိက အားဖြင့် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ဖို့ အချက် သုံးချက်ကို သဘော တူညီခဲ့ကြတယ်လို့ သွားတွေ့ရာမှာ ပါတဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

အဲဒီ အချက်တွေထဲမှာ သတင်းမီဒီယာ ကဏ္ဍဆိုင်ရာ ပြဿနာတွေ အထူးသဖြင့် သတင်း သမားတွေ အရေးယူ ပြစ်ဒဏ် ချမှတ် ခံနေရတဲ့ သတင်းသမားတွေရဲ့ နစ်နာမှုတွေကို သမ္မတက သူလုပ်ပိုင်ခွင့် ရှိတဲ့ ဘောင်အတွင်းကနေ အတတ်နိုင်ဆုံး ကူညီဆောင်ရွက် သွားမယ် ဆိုတာလည်း ပါဝင်ပါတယ်။

သတင်းသမားတွေ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ်ပိုင်းမှာတော့ သက်ဆိုင်ရာ သတင်း မီဒီယာ အသီးသီးက သူ့တာဝန်သူ ကျေအောင်လုပ်ဖို့သာ ရှိပြီး စာနယ်ဇင်း ကောင်စီက လိုက်လံ စောင့်ကြည့်ရုံသာ ဖြစ်ပြီး ကြီးကြပ်မှာ မဟုတ်ဘူးလို့လည်း ဦးဇော်သက်ထွေးက ပြောပါတယ်။

ပူပူနွေးနွေး ပြန်ကြားရေး ဝန်ကြီး ဖြစ်လာတဲ့ ဦးရဲထွဋ်ကတော့ သတင်း မီဒီယာ လွတ်လပ်ခွင့် ရရှိတဲ့ တချိန်တည်းမှာပဲ တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်ဆိုတဲ့ အစိုးရက ပြောနေတဲ့ ကိစ္စမှာ အဓိကက ကိုယ်ရေးတဲ့ သတင်း ခိုင်လုံမှု ရှိမရှိ အရင်ဆုံး အတည်ပြုပြီးမှ ရေးရမယ် ဆိုတဲ့ အချက်က အဓိက ကျတယ်လို့ ပြောပါတယ်။

သတင်းမီဒီယာတွေ အပေါ် အစိုးရက ပိုမိုတင်းတင်းတင်း ကျပ်ကျပ် ထိန်းချုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတာနဲ့ ပတ်သက်လို့တော့ ထိန်းချုပ်စရာ မရှိကြောင်းနဲ့ သတင်းမီဒီယာ ဥပဒေ ပြဌာန်းချက်တွေကို သတင်း မီဒီယာ သမားတွေရော အစိုးရ ဌာနတွေကလေးစား လိုက်နာပြီး နှစ်ဖက် အပြန်အလှန် လေးစားမှုကို အခြေခံတဲ့ ဆက်ဆံရေး ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လိုတယ်လို့ ဆုံးဖြတ်ထားကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ