မြန်မာနိုင်ငံ နောက်ကြောင်းပြန်လှည့်နေပြီလို့ အမေရိကန်အမတ်တွေပြော

  • 1 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မကြာခင် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို John Kerry သွားရောက်ဖို့ ရှိ

မြန်မာနိုင်ငံမှာ အခြေအနေတွေ အဆိုးဘက်ကို ရုတ်တရက် ပြောင်းလဲသွားနေပြီး အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက် သွားစေနိုင်တယ် ဆိုတာ မြန်မာ အစိုးရ ကို သတိပေးစေ လိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကို အမေရိကန် လွှတ်တော် အမတ် ၇၀ကျော်က စာရေးသား တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ ပျံ့နှံ့ နေပြီး မွတ်ဆလင် ဆန့်ကျင် မုန်းတီးမှုတွေကို သမ္မတ ဉီးသိန်းစိန် အစိုးရက အရေးမယူ လွှတ်ပေးထားပြီး အားပေးအားမြှောက် လုပ်နေပုံ ရတယ်လို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီ နှစ်ခုစလုံးရဲ့ အောက်လွှတ်တော် အမတ်တွေရဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်တပ်က ညှင်းပန်းနှိပ်စက်တာတွေ၊ သတင်းသမားတွေကို ထောင်သွင်း အကျဉ်းချတာတွေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ လိုနေတာတွေ နဲ့ ပတ်သက်လို့ စိုးရိမ်မိတယ်လို့လည်း ဖေါ်ပြ ထားပါတယ်။

နှိပ်စက် ညှင်းပန်းမှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့သူတွေ အပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့နဲ့ တိုးတက် ပြောင်းလဲမှု ကြီးကြီးမားမား မတွေ့ရဘူးဆိုရင် မြန်မာအစိုးရအပေါ် နောက်ထပ် လိုက်လျောမှုတွေ မလုပ်ဖို့ မစ္စတာ Kerry ကို လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

မစ္စတာ Kerry ဟာ သြဂုတ်လ ၁၀ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲအတွက် နေပြည်တော်ကို သွားရောက်ဖို့ ရှိပြီး မြန်မာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။