ကန့်ဘလူ လယ်သမားတွေ ထောင်ပြောင်းခံရ

  • 2 ဩဂုတ် 2014
kantbalu_farmers
Image caption မြေသိမ်းထားတဲ့ စစ်တပ် ကြံစိုက်ခင်း စီမံကိန်း

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထဲမှာ ရှိတဲ့၊ ထောက်ရှာအိုင် ပေကြီး စတဲ့ ရွာတွေက သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေးအတွက် သိမ်းထားတဲ့ မြေတွေပေါ်မှာ ဝင်ရောက် ထွန်ယက်လို့ ထောင်ဒဏ် ၃လကနေ ၃နှစ်ထိ ချမှတ် ခံထား ရသူတွေ ကို မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေ ကို ပြောင်းလိုက်ပြီး၊ အသက် ကြီးရင့် သူကိုပါ ထောင်အလုပ်တွေ ခိုင်းစေတာ ခံနေရတဲ့ အတွက်၊ မိသားစုက သက်ဆိုင်ရာကို တိုင်ကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့လက ထောင်ဒဏ် ချမှတ် ခံလိုက်ရတဲ့ ကန့်ဘလူနယ် လယ်သမား ၅၆ ယောက် ထဲက ဦးဆောင်သူ တွေ ဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ယောက် အပါအဝင်၊ လယ်သမားအရေး ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက် အက်ဖ်အန်အိုင် ရဲ့ စစ်ကိုင်းတိုင်း တာဝန်ခံ ဦးကောင်းထွန်း နဲ့ လယ်သမား ၁၅ယောက်ကို ရွှေဘိုထောင် ကနေ ပဲခူး၊တောင်ငူ၊ ပခုက္ကူ၊ မိတ္ထိလာ စတဲ့ ထောင်တွေကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ပခုက္ကူထောင်ကို ရောက်သွားတဲ့ အသက် ၇၀ နီးပါးအရွယ် ဦးကောင်းထွန်း ကို ပခုက္ကူထောင် အာဏာပိုင်တွေက တနေ့ကို အမွှေးတိုင် ၇၀ဝ လိပ်ခိုင်းနေ လို့ သက်ဆိုင်ရာကို တိုင်ထားတဲ့အကြောင်း အက်ဖ်အန်အိုင်ရဲ့ တာဝန်ခံ တယောက်ဖြစ်တဲ့ ကိုတင်နိုင်ထွန်း က ပြောပါတယ်။

သင်္ကန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ဒီလို လယ်သိမ်းလည်းခံရ ထောင်ချလည်း ခံရတဲ့ ကိစ္စတွေရှိရင် လွှတ်တော်ထိ သိအောင် တိုင်တန်း သင့်တယ်လို့ ဆိုပါတယ်။

ထောင်ကျ အကျဉ်းသားကို အလုပ်အကိုင် ခိုင်းစေတယ် ဆိုတာကတော့ စီရင်ချက် ချမှတ် လိုက်တုန်းက အလုပ်ကြမ်း ပါတယ်ဆိုရင် ထောင်စည်းကမ်းအရ လုပ်ခိုင်းလို့ ရတယ်လို့ ဆိုပါတယ်။

ဒီလို မြေယာ ကိစ္စတွေကို မြေယာစုံစမ်းရေး ကော်မရှင်က ဆက်လက် တာဝန်ယူနေ တဲ့ အတွက် ကော်မရှင်ကိုလည်း တိုက်ရိုက် တိုင်ကြားနိုင်တယ် လို့ ဦးသိန်းညွန့် က ပြောပါတယ်။

ကန့်ဘလူနယ်က လယ်သမားတွေဟာ ၂၀၁၄ မတ်လတုန်းက တပ်မ ၃၃ လက်အောက်ခံ ကြံစိုက်ပျိုးရေး တပ် က သိမ်းထားတဲ့ မြေတွေ ပြန်ရရေး ဝင်ရောက် ထွန်ယက်ခဲ့ လို့ ၊ စစ်တပ်ဆီက သီးစားခ နဲ့ ငှားရမ်း လုပ်ကိုင်သူတွေက တရားလိုလုပ် တရားစွဲတာ ခံခဲ့ ရတဲ့နောက်၊ ခုလို ထောင်တွေ ချခံရတာ ဖြစ်ပါတယ်။

နောက်ထပ်လည်း တောင်သူ ၁၀ဝကျော် တရားစွဲ ခံထားရပြီး စီရင်ချက် ထပ်ချဖို့ ရှိသေးတယ် လို့ ကန့်ဘလူ ဒေသခံ လယ်သမားတွေက ဘီဘီစီကို ပြောပါတယ်။

ကန့်ဘလူ လယ်သမားတွေ လိုပဲ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းက လယ်သမားတွေလည်း သိမ်းဆည်းခံ မြေတွေမှာ ဝင်ရောက် ထွန်ယက် စိုက်ပျိုးလို့ တရားစွဲ ခံရသူတွေ ရှိနေပေမယ့် ၊ အခုလို ကန့်ဘလူ လယ်သမားတွေ အစုလိုက် အပြုံလိုက် အပြစ်ပေး ခံရတာဟာ၊ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ