ရွှေ့ပြောင်းလုပ်သားတွေ မှတ်ပုံတင်ရမယ်

_thai_myanmar_workers ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ

ထိုင်းနိုင်ငံမှာ၊ အထောက်အထား စာရွက် စာတမ်းမဲ့ အလုပ် လုပ်ကိုင် နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ကို၊ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အလုပ်လုပ်ခွင့် မှတ်ပုံတင်တွေ ထုတ်ပေးသွားမှာ ဖြစ်ပြီး၊ နောက်နှစ် ဇွန်လ အထိ အလုပ်လုပ်ခွင့် သက်တမ်းရှိ တဲ့ လက်မှတ် တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။

မဟာချိုင် ဒေသနဲ့ တခြား ခရိုင် ၃ဝ ကျော် မှာ၊ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက စပြီး စမ်းသပ် ကာလအဖြစ်၊ ရက်ပေါင်း ၆ဝ သက်တမ်းရှိ တဲ့ လက်မှတ်တွေ ထုတ်ပေးခဲ့တာမှာ၊ တစ်လအတွင်း လူပေါင်း ၄ သိန်း ၂ သောင်းကျော် ကို မှတ်ပုံတင် စာရင်းသွင်းပြီး၊ ဆောင်ရွက် ပေးနိုင်ခဲ့တယ် လို့၊ ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဖိချစ် နင်းထောင်းခမ်း က ပြောပါတယ်။

အခုတော့ ထိုင်းနိုင်ငံတဝှမ်း၊ အဆင်သင့် ဖြစ်နေတဲ့ နေရာတွေမှာ ဩဂုတ် ၄ရက်နေ့က စပြီး၊ ရွှေ့ပြောင်း လုပ်သားတွေ ကို၊ တရားဝင် မှတ်ပုံတင်တာတွေ၊ အလုပ် လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေ လုပ်ပါလိမ့်မယ်။

ဒီလို ပြုလုပ်ပေးမယ့် ကာလကို၊ နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သား အားလုံးကို မှတ်ပုံတင် နိုင်တဲ့ အချိန်အထိ လုပ်ပေးသွားမှာ ဖြစ်တဲ့ အကြောင်း၊ ထိုင်း အာဏာပိုင်တွေ က ပြောပြီး၊ ခန့်မှန်ခြေကတော့ အောက်တိုဘာ လအထိ လို့ လျာထား ထားပါတယ်။

ဒီလို တရားဝင် အလုပ်လုပ်ခွင့် ရရှိဖို့ မှတ်ပုံတင်ကြတဲ့ အခါ၊ အလုပ်သမားတွေ ဘက်က ကုန်ကျစားရိတ် အနေနဲ့၊ အလုပ်လုပ်ခွင့် လက်မှတ်ဖိုးက ဘတ် ၉ဝဝ၊ ဆေးစစ်ခ ဘတ် ၅ဝဝ၊ ဆေးအခမဲ့ ကုသခွင့်က ဘတ် ၁၆ဝဝ၊ မှတ်ပုံတင်ကြေးက ဘတ်၁ဝဝ အားလုံး ပေါင်းလိုက်ရင် ဘတ် ၃ဝဝဝ ကျော် ကုန်ကျမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင် ရှိသူတွေကို ပဲ မှတ်ပုံတင်ခွင့် ပြုမှာ ဖြစ်ပါတယ်။

ဒီလို မှတ်ပုံတင်ပြီး လက်မှတ် ထုတ်ပေးတဲ့ ကာလအလွန်၊ ခန့်မှန်းခြေ အောက်တိုဘာလ နောက်ပိုင်း ဆိုရင်တော့၊ တရားမဝင် အလုပ်သမားကိုရော၊ အလုပ်ခိုင်းတဲ့ အလုပ်ရှင်ကိုပါ၊ ဖမ်းဆီး အရေးယူမှာဖြစ်ကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

တရားမဝင် အလုပ်သမား စီစစ်ရေး ကော်မတီတွေ ကို၊ ခရိုင် အသီးသီးမှာ စစ်တပ်က ဦးစီးကာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘက်က အခုလို အလုပ်လုပ်ခွင့် မှတ်ပုံတင် လက်မှတ်တွေ ထုတ်ပေး ပြီးသွားတဲ့ အခါ၊ မြန်မာ လောနဲ့ ကမ္ဘောဒီးယား အစ ရှိတဲ့ အလုပ်သမားတွေ လာရာ မူလ နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေ နဲ့ ဆွေးနွေးပြီး၊ အလုပ်သမားတွေ ကို နိုင်ငံသား စီစစ်ရေး နဲ့ တရားဝင် နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးရေး အတွက် ဆက်လုပ် ဆောင်သွားမှာ ဖြစ်တယ် လို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဖိချစ် နင်းထောင်းခမ်း က၊ ပြောပါတယ်။