မြန်မာ့အရေး ၂၀၁၄ညီလာခံ ၃ရက်ကြာ ကျင်းပခဲ့

Image caption ဘားမား စတာဒီစ် ၂၀၁၄ ညီလာခံ

မြန်မာ့ အရေး လေ့လာရေး ပညာရပ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ တစ်ရပ်ကို စင်္ကာပူ နိုင်ငံမှာ ၃ ရက် ကြာ ကျင်းပခဲ့တာ မှာ၊ တက်ရောက် လာ ကြသူတွေဟာ လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အပေါ် သုံးသပ်မှုတွေ အပါအဝင်၊ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှုတွေ ကို ဆွေးနွေးထားကြ တဲ့ စာတမ်းတွေ ကို ဖတ်ခဲ့ကြ၊ သဘောထား အမြင်တွေကို ဖလှယ်ခဲ့ကြတယ် လို့ သိရပါတယ်။

မြန်မာ့အရေး၊ ပုံရိပ်နဲ့ ဝိသေသ လက္ခဏာများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ ဒီပွဲကို ပူးတွဲ စီစဉ် ကမကထ လုပ်ခဲ့တာက တော့ စင်္ကာပူ နိုင်ငံ အရှေ့တောင်အာရှ ဆိုင်ရာ လေ့လာရေး အင်စတီကျူ့ ISEAS နဲ့၊ စင်္ကာပူ အမျိုးသား တက္ကသိုလ် ရဲ့ ဝိဇ္ဇာနဲ့ လူမှုရေး သိပ္ပံ ဘာသာရပ်များ မဟာဌာန တို့ပဲ ဖြစ်ပါတယ်။

ဒီ စာတမ်းဖတ်ပွဲ ဆွေးနွေးပွဲ ကာလအတွင်းမှာ၊ မြန်မာနိုင်ငံက လာကြသူတွေ အပါအဝင်၊ တက်ရောက်လာကြ တဲ့ ပညာရပ်ပိုင်း ဆိုင်ရာ နယ်ပယ် အသီသီးက သူတွေဟာ၊ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အတော်လေး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖလှယ်ခဲ့ကြတယ် လို့၊ ဒီပွဲကို ပူးတွဲ စီစဉ် ကမကထ လုပ်တဲ့ ISEAS က ဒေါက်တာ တင်မောင်မောင်သန်း က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေးမှာ ပါဝါ ပလေယာ လို့ခေါ်တဲ့ အခရာကျတဲ့ အဖွဲ့အစည်းဟာ မြန်မာ စစ်တပ် ဖြစ်တယ် ဆိုတဲ့ အချက်မျိုး အပါအဝင်၊ ရခိုင် အကြပ်အတည်း ကိစ္စလို အကြောင်းအရာ မျိုးတွေ လည်း၊ ဆွေးနွေးကြတဲ့ အထဲ ပါဝင်ကြောင်း၊ ဒေါက်တာ တင်မောင်မောင်သန်း က ဆိုပါတယ်။

အခုလို ဆွေးနွေးပွဲ ဟာ မြန်မာပြည်သူ အများစု အပေါ် ဘယ်လောက် အတိုင်းအတာ အထိ တိုက်ရိုက် အကျိုးရှိ ရိုက်ခတ်နိုင်မယ် ဆိုတာ မပြောနိုင်ပေ မယ့်၊ ဒီလို ပွဲမျိုးတွေကို မြန်မာ ပြည်တွင်းမှာသာ လုပ်ဖြစ်ရင် ပညာရပ် ပိုင်းဆိုင်ရာ အကျိုး သက်ရောက်မှု တွေ ပိုမိုရှိလာ နိုင်ပြီး၊ မြန်မာ ကျောင်းသူကျောင်းသား တွေ အတွက် လေ့လာနိုင်ဖို့ အခွင့်အလမ်း ပို များ လာနိုင်ကြောင်း လည်း ဒေါက်တာ တင်မောင်မောင်သန်း က ပြောပါတယ်။

ဒါကြောင့်မို့ ၂၀၁၆ ခုနှစ် မြန်မာအရေး ညီလာခံကို အမေရိကန် ပြည်ထောင်စုမှာ ကျင်းပ ပြီးတဲ့အခါ၊ လာမယ့် ၂၀၁၈ ခုနှစ် မှာ မြန်မာ့ လွတ်လပ်ရေး အနှစ် ၇၀ အခါသမယနဲ့ လည်း ကိုက်ညီနေတာ ဖြစ်တဲ့အတွက်၊ မြန်မာနိုင်ငံထဲ မှာ ကျင်းပနိုင်ဖို့ ဆော်ဩ ကြိုးစားနေတယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ