အီဘိုလာရောဂါ မြန်မာပြည်ထဲမကူးအောင် ကြိုတင်ကာကွယ်

  • 6 ဩဂုတ် 2014
Image caption အနောက်အာဖရိက နိုင်ငံတွေမှာ အီဘိုလာ ရောဂါအကြောင်း သိကောင်းစရာ လက္ခဏာတွေကို ဆိုင်းဘုတ်တွေနဲ့ ပညာပေး

အနောက်အာဖရိက နိုင်ငံတွေမှာ ပျံ့နှံ့ ဖြစ်ပွား နေတဲ့ ကူးစက်မြန် အီဘိုလာ ရောဂါပိုးဟာ အရှေ့တောင် အာရှနိုင်ငံ တွေဘက်ကို ရောက်လာပြီ ဆိုတဲ့ သတင်းတွေ တိတိကျကျ မကြားရသေးပေမယ့် သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှာတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး ရဲ့ ညွှန်ကြားမှုအရ ကြိုတင် ကာကွယ်မှုတွေ လုပ်နေပါတယ်။

ကမ္ဘာတဝှမ်းမှာ လူပေါင်း ၈၈၀ကျော် သေဆုံးခဲ့ရပြီး ဖြစ်တဲ့ ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံထဲ ပျံ့နှံ့ ရောက်မလာအောင် မြန်မာ အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက လေဆိပ်တွေ ဆိပ်ကမ်းတွေမှာ စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ နိုင်ငံခြား တိုင်းပြည် အထူးသဖြင့် အာဖရိက ဒေသက လာတာ ဖြစ်တဲ့အတွက် နိုင်ငံခြား ခရီးသည်တွေ လာရောက်နိုင်တဲ့ လေဆိပ်တွေ ဆိပ်ကမ်းတွေမှာ ကိုယ်အပူချိန်ကို ပြတဲ့ Infrared ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ဘီဘီစီကို ပြောပါတယ်။

ကိုယ်အပူချိန်ရှိတဲ့ ဖျားနေသူတွေကို သူတို့ရဲ့ ရောဂါ ရာဇဝင်၊ ခရီးစဉ် ရာဇဝင် တွေကို မေးမြန်းပြီး အီဘိုလာ ရောဂါ ဖြစ်ပွားနေတဲ့ အနောက်အာဖရိက ဒေသ ကနေ လာတာလား ဆိုတာကို စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ ဆိုပါတယ်။

စောင့်ကြည့် စစ်ဆေးမှုတွေ စလုပ်ခဲ့ချိန်ကတည်းကနေ အခုချိန်အထိ မြန်မာပြည်ကို ဝင်လာတဲ့ နိုင်ငံခြား ခရီးသည်တွေထဲမှာရော၊ ဌာနေ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ ထဲမှာပါ အီဘိုလာ ရောဂါ ကူးစက်ခံရတဲ့သူ မတွေ့ရသေးဘူးလို့ ဒေါက်တာ ကျော်ကံကောင်းက ပြောပြပါတယ်။