လူထုကို ဦးသိန်းစိန် နှိမ်နင်းခဲ့သလား

  • 5 ဩဂုတ် 2014
Thein Sein ဓာတ်ပုံ မူပိုင် Reuters
Image caption ၈၈ လူထုကို ဦးသိန်းစိန် နှိမ်နင်းဖြိုခွဲခဲ့သလား

သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ လူထုအရေး အခင်း ကြီးကို နှိမ်နင်းဖြိုခွဲသူတွေထဲမှာ အဓိက ပါဝင်သူ တယောက် ဖြစ်တယ်လို့ ဝီကီလိခ် က ထုတ်ဖော် လိုက်ပါတယ်။

အမေရိကန် သံရုံးသံတမန်တွေဆီကနေ ပေါက်ကြား လာတယ်ဆိုတဲ့ ၂၀၀၄ ခုနှစ် တုန်းက ရက်စွဲနဲ့ ကြေးနန်း တစောင်ကို ကိုးကားပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီသံတမန် ကြေးနန်းမှာ ဖော်ပြချက်အရ ဗိုလ်မှူးသိန်းစိန်ဟာ အဲဒီတုန်းက အရေးအခင်းကို အဓိကနှိမ်နင်းဖြိုခွင်းခဲ့တဲ့ ခြေမြန်တပ်မ ၅၅ ရဲ့ တပ်မှူး ဖြစ်ပြီး လူထုလှုပ်ရှားမှုကို နှိမ်နင်းပြခြင်းအားဖြင့် နေရာရအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝီကီလိခ်က အဲသလို ထုတ်ဖော်ခဲ့တဲ့ အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ ၈၈ အရေးအခင်းမှာ သူဘယ်လို ဆောင်ရွက်ခဲ့သလဲ ဆိုတာကို ထုတ်ဖော်ပြောကြားဖို့ ဗြိတိန်နိုင်ငံအခြေစိုက်မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Burma Campaign UK မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ဆော်သြလိုက်ပါတယ်။

Burma Campaign UK က အများပြည်သူတွေအနေနဲ့ ကိုယ့်သမ္မတ ဘာလုပ်ထားတယ်ဆိုတာကို သိသင့်တယ်လို့ ဆိုပြီး အများပြည်သူအနေနဲ့ ဝီကီလိခ်ရဲ့ ပြောဆိုချက် မှန်မမှန် ဦးသိန်းစိန်ဆီကို စာရေးသား မေးမြန်းကြပါလို့ လည်း တိုက်တွန်းထားပါတယ်။

၈၈ အရေးအခင်း ၂၆ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး အခုလို တိုက်တွန်းတာလည်း ဖြစ်ပါတယ်။

ဝီကီလိခ်ဟာ အမေရိကန်အစိုးရရဲ့ ကြေးနန်းဆက်သွယ်မှုတွေ အပါအဝင် အစိုးရထိပ်တန်း လျှို့ဝှက်ချက်တွေကို လူအများသိအောင် ဖော်ထုတ်ခဲ့တဲ့ အတွက် ထင်ရှားလာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။