ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သတင်းစာ ရှင်းလင်း

  • 6 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နယ်ဆင်း စည်းရုံးရာမှာ ကြောက်လန့်အောင် သေနတ် တွေ ပစ်ခတ်တာမျိုး ခြိမ်းခြောက်ခံရ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ရေး တပြည်လုံး လက်မှတ် ရေးထိုး လှုပ်ရှားမှု မှာ လက်မှတ်ပေါင်း (၄)သန်း (၉) သိန်း ကျော် ကောက်ခံ ရရှိ ထားပြီး၊ ဒီလက်မှတ် တွေကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြ သွားမယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း အဖွဲ့ အစည်း တို့ရဲ့ သတင်းစာ ရှင်းလင်းပွဲ ကနေ ပြောကြား လိုက်ပါတယ်။

ပုဒ်မ (၄၃၆) ပြင်ရေး ကို နိုင်ငံ တဝန်း မြို့နယ် ပေါင်း (၃၀၈) မြို့နယ် မှာ ကောက်ခံ ခဲ့ရာ မှာ ထောက်ခံတဲ့ လက်မှတ် စုစုပေါင်း (၅)သန်း နီးပါး လောက် ရရှိ ခဲ့တာ ဖြစ်ပါ တယ်။

ဒီလက်မှတ်တွေ ကို ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေမှာ နယ်မြေ မတည်ငြိမ် မှုတွေနဲ့ ခြိမ်းခြောက် မှုတွေ ရှိတဲ့ အထဲက ကောက်ခံ ရရှိ ခဲ့တာ ဖြစ် တယ်လို့ NLD ပါတီ က ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဖွဲ့စည်း ပုံပြင်ရေး အတွက် ဒီလက်မှတ် တွေဟာ လွှတ်တော်မှာ အကျိုး သက်ရောက်မှု ရှိနိုင် မလား ဆိုတာ ကိုတော့ လွှတ်တော် ကိုယ်စားလှယ် တွေက ဆုံးဖြတ် ရမှာ ဖြစ်တယ် လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တကယ်လို့ လွှတ်တော် ထဲမှာ ပုဒ်မ (၄၃၆)ကို မပြင်ဆင် နိုင်ဘူး ဆိုရင် တော့ တခြား နည်းလမ်း တွေနဲ့ ဆောင်ရွက်ဖို့ ရှိနေပြီး ဘယ်လို လုပ်ဆောင် မလဲ ဆိုတာ ကိုတော့ ခုချိန်မှာ မပြောနိုင် သေးဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ ပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဦးကိုကိုကြီး ကတော့ ဒီ ပြင်ဆင် မှုဟာ အောင်မြင်မှု မရှိဘူး ဆိုရင်လည်း (၈၈)အဖွဲ့ အနေနဲ့ NLD ပါတီ နဲ့ ဆွေးနွေး အဖြေရှာ သွားမယ် လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၃၆) ပြင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ (၈၈)မျိုးဆက် ကျောင်းသား အဖွဲ့တွေဟာ လူထု ဟောပြော ပွဲတွေ၊ လက်မှတ် ကောက်ခံ တာတွေ ကို ပြီးခဲ့တဲ့ မေလ(၂၇) ရက် နေ့ ကနေ ဇူလိုင်(၁၉) ရက် နေ့ အထိ နိုင်ငံ တဝန်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ