ကျိုက်ထီးရိုးမှာ မြေပြို၊ လူသေဆုံး

  • 6 ဩဂုတ် 2014
Hlegu Floods ဓာတ်ပုံ မူပိုင် bbc
Image caption ရန်ကုန်တိုင်း လှည်းကူးက ရေကြီးမှု မြင်ကွင်း

အခုရက်ပိုင်းအတွင်း မိုးများလို့ ရေကြီး မြေပြိုဖြစ်နေရာမှာ မွန်ပြည်နယ် ကျိုက်ထို မြို့နယ်၊ ကျိုက်ထီးရိုး တောင်မှာ မိုးကြီးပြီး မြေပြိုတဲ့ အတွက် လူတစ်ယောက် သေဆုံးခဲ့ ပါတယ်။

ပဲခူး မြို့နဲ့ မြန်မာ နိုင်ငံ နေရာ အနှံ့အပြား မှာလည်း ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။

ကျိုးထီးရိုးတက်တဲ့လမ်းက ရသေ့တောင် လမ်းသစ်မှာ မြေပြိုကျတဲ့ အတွက် လမ်းဘေးတဲအိမ်တွေမှာ နေတဲ့ မိသားစုထဲက အမျိုးသမီး တစ်ယောက် သေဆုံးသွားတယ်လို့ ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကျိုက်ထိုမြို့နယ် အတွင်း သိမ်ဇရပ်ဘက် သွားတဲ့ ကားလမ်းမပေါ်မှာ သုံးပေလောက် အထိ အင်္ဂါနေ့တုန်းက ရေတက်ခဲ့တဲ့ အတွက် ခဏတာ ကားလမ်းတွေ ပိတ်သွားခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

ပဲခူးမြို့ အနိမ့်ပိုင်းမှာလည်း ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်ထား ရပြီး လူ ၁၂၀၀ လောက် လာရောက် ခိုလှုံနေတယ်လို့ ပဲခူးတိုင်း အစိုးရ စည်ပင်သာယာဝန်ကြီး ဦးရဲမြင့်ထွန်းက ပြော ပါတယ်။

သူတို့ အတွက် အလှူရှင်တွေ လာရောက် လှူကြတဲ့ စားနပ် ရိက္ခာတွေ ပေးဝေထားတယ်လို့လည်း သူက ပြောပါတယ်။

ပဲခူးတိုင်းနဲ့ မွန်ပြည်တို့မှာ ရေကြီး နေတဲ့ အတွက် ရန်ကုန်နဲ့ မော်လမြိုင် ကားလမ်း သွားလာရ အခက်အခဲတွေရှိနေပါတယ်။

ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေ မြင့်လာလို့ ရွှေဂွန်း ဘက်မှာ ရေးဘေးဒုက္ခသည်တချို့ပြောင်းရွှေ့ ကြရသလို ရိက္ခာကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး ဦးချစ်လှိုင်က ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာတော့ စိုးရိမ်ရေမှတ် ကျော်လာနေပြီလို့ ဧရာဝတီတိုင်း လွှတ်တော်က ပုသိမ်မြို့နယ် အမတ် ဦးအောင်ကျော်ရှိန်ကပြောပြပါတယ်။

ရန်ကုန်မြို့ နေရာ အတော်များများ မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပါနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ